အသင်းတော်ရွေးချယ်ခြင်း
၁။ အသင်းတော်ဟူသည် အဘယ်နည်း။
အသင်းတော်ဟူသည် ခရစ်တော်၏ ကိုယ်ခန္ဓာတော်ပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကိုအရှင်သခင်လက်ခံယုံကြည်သော လူနှစ်ဦး၊ သုံးဦးအတူတကွစုစည်းဝတ်ပြုကိုးကွယ်ရာ အရပ် (သို့) လူပေါင်းရာထောင်ချီ၍ ကိုးကွယ်ရာအရပ်ကိုလည်း ထို့အတူပင် သတ်မှတ်လျက်အစွဲပြူခဲ့ကြသည်။
ရှင်မဿဲ၊ ၁၈း၁၉-၂၀ တွင်ပြဆိုထားသည့်အတိုင်း ထိုအရပ်တွင် ခရစ်တော်ရှိတော်မူလျက် စုဝေးရာအရပ်ကိုမင်္ဂလာဖြစ်စေမည်ဟု ကတိတော်ထားရှိသည့်အတိုင်း အသင်းတော်ဟူသည် ယုံကြည်သူတို့၏ စုံမှတ်တစ်ခုလည်းဖြစ်ပေသည်။
“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏”။
၂။ အသင်းဝင်ဖြစ်ရန် ဘာကြောင့်လိုအပ်ပါသနည်း။
ယုံကြည်သူတစ်ဦးအနေဖြင့် ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးရပ်လုံး ကြီးထွားရှင်သန်ရန်၊ အခြားသူများနှင့် မိတ်သဟာယဖွဲနိုင်စေရန် အသင်းတော်သည် မရှိမဖြစ်အရေးပါလှပါသည်။
“လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကိုု မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့”(ဟေဗြဲ၊ ၁၀း၂၅)။
ယုံကြည်သူတိုင်းအား ဆုကျေးဇူးအသီးသီးပေးအပ်ထားသော ကြောင့် တစ်ဦးနှင့်တစ်ဦးအချင်းချင်း “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”ဖြစ်သောကြောင့် မည်သူမှ တစ်ဦးတည်းသီးခြားနေခြင်းဖြင့် ဘုန်းတော်ထင်ရှားမလာစေနိုင်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးအပြန်ပြန် အလှန်လှန်လိုအပ်လျက်ရှိပါသည်။
“ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏” ( ၁ ကော၊ ၁၂း၇-၈)။
အတူတကွချီးမွမ်းကိုးကွယ်ခြင်းဖြင့် သာယာလှပသော သံပြိုင်တေးကိုဖော်ကျူးသကဲ့သို့ ဘုန်းတော်အဖို့ဖြစ်တည်စေပါသည်။
တရားပလ္လင်ထက်မှ ကြားနာရသော နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အဖို့ ဝိညာဉ်အစာကို ခံယူစားသုံးနေခြင်းဖြစ်၍ စိန်ဝိညာဉ်ကို လန်းဆန်းစေပါသည်။
ထို့အတူ အခြင်းခြင်းတစ်ဦးနှင့်တစ်ဦးအားပေးတည်ဆောက်၊ တွဲခေါ်ဖေးမခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ထမ်းရွက်ရသော ဝန်ထုပ်များကိုကင်းပျောက်စေပါသည်။
“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့” (ဂလာ၊ ၆း၇)။
နိဂုံးစကားဆိုရသော် တစ်ဦးခြင်းကြုံတွေ့ခံစားရသော သက်သေခံချက်များက အချင်းချင်းအားပေးတည်ဆောက်နေခြင်းဖြစ်ပြီး ယူံကြည်ခြင်းကို အထောက်အမဖြစ်စေပါသည်။
၃။ အသင်းတော်ကို မှန်ကန်စွာ မည်သို့ရွေးချယ်မည်နည်း။
မှန်ကန်သင့်လျော်သော အသင်းတော်ကိုရွေးချယ်ခြင်းသည် သင့်အသက်တာ၊ သင့်မိသားစုများအတွက် မရှိမဖြစ်လိုအပ်သော ဆုံးဖြတ်ချက်တစ်ရပ်ပင်ဖြစ်လေသည်။
ဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းပြမှုကိုခံယူပြီး အောက်ပါ အချက်များကို ဦးစားပေးရွေးချယ်မှုပြုပါ။
က။ မိတ်သဟာယများရှိခြင်း။
အသင်းတော်အများစုသည် သခင်ဘုရားရှင်ပြန်ထမြောက်ရာနေ့တွင် မနက်၊ နေ့၊ ညစသဖြင့်ကိုးကွယ်မှုများပြုလေ့ရှိကြပါသည်။
အချို့အသင်းတော်များတွင်…
လူငယ်
အမျိုးသမီး
ကလေး
အမျိုးသားကြီးအစရှိသဖြင့် ဝတ်ပြုခြင်းများပြုလေ့ရှိသည့်နည်းတူ၊ အချို့တို့မှာ –
ကျမ်းစာရက်တို/ရက်ရှည်သင်တန်း
လူငယ်လေ့လာရေး
ခရစ္စမတ်
သမ္မာကျမ်းစာနေ့
မိခင်များနေ့
ဖခင်များနေ့
ရှင်ပြန်ထမြောက်ရာနေ့ အစရှိသဖြင့်လည်းဆောင်ရွက်ကြသည်။
ထို့အတူအိမ်လှည့်သမ္မာကျမ်းစာသင်ကြားခြင်းများကလည်း ယုံကြည်မှုဆိုင်ရာများကြီးထွားရန် လွန်စွာအထောက်အကူဖြစ် စေပါသည်။
ခ။ ခေါင်းဆောင်ကောင်းရှိခြင်း။
သင့်အသင်းတော်ရှိခေါင်းဆောင်အား သင်လေးစားကြည်ညိုမှု ရှိပါသလား။ သင့်အတွက် ပုံကောင်းသက်သေများကို ဆင့်ကမ်းနေသူဖြစ်ပါသလား။
“သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့” (ဟေဗြဲ၊ ၁၃း၁၇)။
သင့်အသင်းတော်ရှိခေါင်းဆောင်တို့သည် ဘုရားသခင်အား အမှန်သိကျွမ်းပြီး နှုတ်ကပတ်တရားတော်ကို မခြွင်းမချန် ဟောပြောသူဖြစ်ရပေမည်။
ဂ။ သာသနာ့အစေခံခြင်း။
အခြားသူများအား သင်မည်သို့အစေခံမှုပြုမည်နည်း။
သင့်အားမည်သို့ပြုစုပေးကြမည်နည်းဟူသော အခွင့်အလမ်းကို ရှာနေခြင်းသက်သက်မဟုတ် သင်ရရှိထားသော ဆုကျေးဇူးများကို မည်သို့အသုံးပြူလျက် တစ်ပါးသူအားအစေခံနိုင်မည်နည်းဟု အမြဲဆုတောင်းလျက် အစေခံပါ။
“အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏”(မ၊ ၂၅း၅၁)။
နှုတ်ကပတ်တော်အားသွန်သင်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းများသာမက အခြားသောအသင်းတော်၏ အစီအစဉ်များတွင်လည်း အစေခံနိုင်ရန် အခွင့်အလမ်းများစွာကို ဘုရားသခင် ပြင်ဆင်ပေးထားလျက်ရှိပါသည်။
ဃ။ ယုံကြည်မှုသြဝါဒစစ်မှန်ခြင်း။
နှုတ်ကပတ်တော်ကို သက်ဝင်ယုံကြည်ပြီး၊ ဝိညာဉ်တော်လမ်းပြမှုကို ခံယူသောအသင်းတော်ကို ရွေးချယ်မှုပြုပါ။
“ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏”( ၁ တိ၊ ၃း၁၅)။
“လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏”( ၁ တိ၊ ၂း၄)။
“သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ်လော့” (၂ တိ၊ ၂း၁၅)။
င။ အသင်းတော်အခြေအနေကိုရွေးချယ်ခြင်း။
အသင်းတော်ကြီး၊ အသင်းတော်ငယ်စသဖြင့် ဝိညာဉ်တော်လမ်းပြမှုအတိုင်းရွေးချယ်ရာတွင် သင့်မိသားစုအတွက် ဝိညာဉ်ရေးလိုအပ်မှုနှင့်သာဆိုင်သောကြောင့် အသင်းတော်ငယ်ခြင်း၊ ကြီးခြင်းသည် ပြဿနာမဟုတ်ပါ။
အဆုံးစွန်ပြောရလျင် အသင်းတော်ငယ်ခြင်းက သင့်အား သာ၍အစေခံနိုင်ရန် အသင်းတော်ကြီးများထက် အခွင့်အလမ်း များစွာရှိနေသည်ကို မြင်တွေ့ရပေမည်။
ထို့ကြောင့် ဝိညာဉ်တော်လမ်းပြမှုအတိုင်း သင့်အနေဖြင့် အသင်းတော်တွင် သစ္စာနှင့်လည်းကောင်း၊ နံဝိညာဉ်ဖြင့်လည်းကောင်း ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုရန်သာဖြစ်သည်။
ထိုအသင်းတော်အားဖြင့် သင့်အသက်တာ အစဉ်အတိုင်းကြီးထွားရင့်ကျက်လာစေရန်ဖြစ်သည်။
“ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ” ( မ၊ ၁၆း၁၈)။
အထက်တွင်မိန့်တော်မူသည့်အတိုင်း ခရစ်တော်သည် အသင်းတော်အားရည်ရွယ်ချက်ကောင်းဖြင့်တည်ထောင်တော်မူခဲ့ သည်မှန်လျင်…
သင်သည်လည်း ထိုအသင်းတော်တွင် ရှိနေရန် လိုအပ်လှပေသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်