မဂ္ဂင်ရှစ်ပါးဟူသည် အဘယ်နည်း

၁။ နိဒါန်း

မဂ္ဂင်ရှစ်ပါးသည်ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်ဟူ၍ဆိုနိုင်ပါသည်။ အကြောင်းမှာစစ်မှန်သော ယုံကြည်မှုစံအဖြစ်လည်း ထိုမဂ္ဂင်ရှစ်ပါးကိုပင် အသုံးပြု၍တိုင်းတာလေ့ရှိကြပါသည်။

ထိုမဂ္ဂင်ရှစ်ပါးသည် လူတစ်ဦး၏ စိတ်နေစိတ်ထားနှင့်သော်လည်းကောင်း၊ အပြုအမူများအားဖြင့်လည်း စပ်ဆိုင်ပြီး။ တနည်းအားဖြင့် သစ္စာလေးပါးမှဆင်းသက်လာသော ကိုယ်ကျင့်အဘီဓမ္မာ တို့မှ အခြေခံထားခြင်းဟုလည်း ဆိုနိုင်ပါသည်။

၂။ မဂ္ဂင်ရှစ်ပါးအား အပိုင်းလိုက်ခွဲခြားလေ့လာခြင်း။

ထိုမဂ္ဂင်ရှစ်ပါးဟုဆိုသော်လည်း ခွဲခြမ်းစိတ်ဖြာသောအခါတွင် အပိုင်းသုံးပိုင်းဖြင့် အုပ်စုပြုလေ့လာနိုင် ပါသည်။

၎င်းတို့မှာ…….

၁။ ပညာမဂ္ဂင်

၂။ သမာဓိမဂ္ဂင်

၃။ သီလမဂ္ဂင်ဟူ၍တွေ့ရပါသည်။

သစ္စာလေးပါးသဘောတရားအရ အားလုံးတို့သည် အကြောင်းအကျိုးဖြင့်ဆက်စပ်လျက်ရှိနေခဲ့ပြီး၊ ထို တပ်မက်မှုတည်းဟူသော တဏှာသဘောတရားတို့ကြောင့် လူတို့သည် “အိုခြင်း”၊ “နာခြင်း”၊ “သေခြင်း” တရားတို့ကို ကြုံတွေ့ခံစားကြရခြင်းဖြစ်သည်။

ထိုမဂ္ဂင်ရှစ်ပါးတို့မှာ အောက်ပါအတိုးင်းဖြစ်ပြီး၊ အစဉ်လိုက်မဟုတ်သော်လည်း ၎င်းတို့မှာ “အို၊ နာ၊ သေခြင်း” ကင်းရာအရောက်လှမ်းဖို့ ကျင့်သုံးရမည့်တရားများဖြစ်သည်ဟုဆိုကြပါသည်။

၃။ ပညာမဂ္ဂင်ဟူသော အုပ်စုတွင်

သမ္မာဒိဌိနှင့် သမ္မာသင်္ကပ္ပဟူ၍ပါရှိပါသည်

(၁) သမ္မာဒိဌိ (မှန်ကန်စွာရှုမြင်ယုံကြည်ခြင်း)။

ထိုမှန်ကန်စွာရှုမြင်ယုံကြည်ခြင်းဆိုသည်မှာ သစ္စာလေးပါတည်းဟူသော ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ စသည်တို့ကို ယုံကြည်သက်ဝင်ခြင်းဖြစ်သည်။ ထိုအကြောင်းတရားတို့ကြောင့် လူသည် ဆင်းရဲခြင်းတည်း ဟူသော အို၊ နာ၊ သေခြင်းတရားတို့ဖြင့် နစ်မွန်းနေခြင်းဖြစ်ကြသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းရင်းခံမှာ တပ်မက်မူ ဟူသောအကြောင်းတရားတို့ကြောင့် ဆင်းရဲခြင်းအကြောင်းတရားနှင့် ဘဝကိုအဖန်ဖန်ကျင်လည် နေကြရခြင်းဖြစ်သည်ဟုဆိုကြသည်

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

နှုတ်ကပတ်တော်ကလည်း ထိုအရာသည် အမှန်ဖြစ်ကြောင်းဆိုထားပြီး၊ လူတစ်ဦးကယ်တင်းခြင်းသို့ ရောက် ရှိရန်အတွက် ထိုအရာကို ဝန်ခံတတ်ရန်လိုအပ်ကြောင်းဆိုထားသည်။ ထိုသို့ဝန်ခံခြင်းမပြုလျင် ကယ်တင်ခြင်းသို့ ရောက်ရှိလာစရာ အကြောင်းမရှိကြောင်းဆိုထားသော်လည်း (ယော၊ ၈:၃၂)။

လူတစ်ဦးသည် ကယ်တင်ခြင်းသို့ရောက်ရန် စုံလင်သောပညာတရားတို့ပြည့်ဝရမည်ကို လုံးဝ သဘောတူထားခြင်းလုံးဝမရှိထားပါ (ဧဖက်၊ ၂:၈၊ ၁ ကောရိန္သု၊ ၃:၁၉)

( ၂) သမ္မာသင်္ကပ္ပ (မှန်ကန်စွာတွေးဆကြံစည်ခြင်း)။

အသက်တာတွင် မှန်ကန်စွာတွေးတော၊ ကြံစည်ခြင်းများကိုပြုခြင်းဖြစ်ပြီး ထိုတွေးတောကြံစမှုမှ လက်တွေ့ အပြုအမူသို့ဖြစ်ထွန်းလာစေသည်ဖြစ်ပေသည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

နှုတ်ကပတ်တော်တွင် လူတစ်ဦး၏ယုံကြည်မှုနှင့် အသက်ရှင်လုပ်ဆောင်မှုသည် ခရစ်တော်ဘုရား၏ စံပြုအပ်သော ခြေတော်ရာအဖြစ်သတ်မှတ်ထားခဲ့ပါသည် (၂ ကောရိန္သု၊ ၁၃:၅၊ ရောမ၊ ၁၃:၁၄။ ယော၊ ၁၅:၁၄)။

သို့သော် လူတစ်ဦး၏ စိတ်နေစိတ်ထားအမှန်နှင့် မည်သို့ပြုမူ။ ကျင်လည်တတ်သောအစစ်အမှန်ကို နှုတ်ကပတ်တော်၌ ဖော်ပြထားပါသည် (ယေရမိ၊ ၁၇:၉)။

ထိုအတွက်အဖြေကို မိမိတို့စိတ်အစဉ်ကို မည်သို့ပြင်ဆင်နိုင်ကြောင်းနှင့် မည်သည့်နည်းဖြင့်သာ အထမြောက် နိုင်ကြောင်းကို နှုတ်ကပတ်တော်တွင်သာ အဖြေပေးထားလျက်ရှိပါသည် ၂ ကောရိန္သု၊ ၁၀:၁၂)။

သီလမဂ္ဂင်ဟူသော အုပ်စုတွင်

သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီတဟူ၍ပါရှိပါသည်။

(၃) သမ္မာဝါစာ (မှန်ကန်သောစကားကိုပြောဆိုခြင်း)။

သမ္မာဝါစာဆိုသောအရာမှာ စကားပြောဆိုရာတွင် မှန်သောစကားကိုပြောဆိုခြင်း၊ ရိုးသားယဉ်ကျေးစွာပြောဆိုခြင်း၊ တည်ကြည်သောစကားကိုပြောဆိုခြင်းတို့ကိုဆိုလိုသည်။

အဓိပ္ပါယ်မှာ မုသားသုံခြင်း၊ ကြမ်းတမ်းသောစကား၊ မကောင်းသောစကားနှင့် အကျိုးယုတ်မည့်စကား များကို မပြောဆိုခြင်းဟုဆိုရပေမည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း

နှုတ်ကပတ်တော်ကလည်း ကျွန်ုပ်တို့စကားပြောဆိုကြ ရာတွင် ဆင်ခြင်မှုပြုလျက် ပြောဆိုရန်သွန်သင် ထားပါသည်(သုတ္တံ၊ ၁၀:၁၉)။ ထို့အတူ တိုက်ခိုက်မှု၊ ခိုက်ရန်ဖြစ်ပွားစေမည့် စကားပြောဆိုခြင်းများကို မပြုရန်၊ ရှောင်ရားရန် ဆိုထားပါသည် (၁ တိ၊ ၆:၄)။

(၄) သမ္မာကမ္မန္တ (မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်း)။

အထက်ပါ သမ္မာကမ္မန္တဟူသော မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်းဆိုသည်မှာ လူသတ်ခြင်း၊ ခိုးဆိုးလုယက်ခြင်း၊ မကောင်းမှုဒုစရိုက်များပြုခြင်း၊ သူ့သားမယားကိုစော်ကားခြင်း စသောမကောင်းသော ပြုမူ ကျင့်ကြံမှုများအားလုံးကိုရှောင်ခြင်းဖြစ်ပါသည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

နှုတ်ကပတ်တော်တွင် အထက်ပါ ကိုယ်ကျင့် တရား ပျက်ပြားခြင်းနှင့် စပ်ဆိုင်ပြီး များစွာသွန်သင်ထားပါသည်။

ထိုအထဲတွင် ကိုယ်ကျင့်တရားစံနှုန်းများကို ရှင်မဿဲ၊ ၇:၂၁၊ ၁ ကောရိန္သု၊ ၉:၂ရ တို့တွင်ဖေါ်ပြထားပြီးလူမှုရေး၊ ဘာသာရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတို့အတွက်ကို ဆုံးမထားသည်ကို (ရှင်မဿဲ၊ ၅:၂၁-၂၂၊ ၂၇-၂၈) တွေ့နိုင်ပါသည်။

နှုတ်ကပတ်တော်ရှိ မှန်သည်/မှားသည်စံနှုန်းအစစ်အမှန် တရားနည်းလမ်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏စံနှုန်းမဟုတ်ပြည့်ဝစုံလင်တော်မူသောဘုရားသခင်၏ သန့်ရှင်းခြင်းကိုသာဗဟိုပြု တည်ဆောက်ထားသော တရားပင်ဖြစ်ပေသည်။

(၅) သမ္မာအာဇီဝ (မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှုပြုခြင်း)။

သမ္မာအာဇီဝဆိုသောအရာက မှန်ကန်သော ပြုမူဆောင်ရွက်မှုနှင့် တူသယောင်ရှိသော်လည်း ထိုသို့ပြုမူ ဆောင်ရွက်ခြင်းမှာ လူတစ်ဦး၏ အသက်မွေးဝမ်းကြောင်းနှင့်သာ တိုက်ရိုက်ဆက်နွယ်လျက်ရှိပါသည်။

ထို့ကြောင့် လူတစ်ဦးအသက်ရှင်သန်နိုင်ဖို့အရေး၊ လိမ်ညာအသက်မွေးခြင်း၊ မမှန်သောအလေး ချိန်ခွင်ဖြင့်ရောင်း/ဝယ်ခြင်း၊ ဒုစရိုက်များဖြင့် အသက်မွေးမှုပြုခြင်း စသဖြင့် မသမာသောနည်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းမှုပြုခြင်းကိုဆိုလိုပါသည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

နှုတ်ကပတ်တော်တွင် လူတစ်ဦး၏ အသက်မွေးဝမ်းကြောင်းမှုသည် ထိုလူတစ်ဦး၏ အကျင့်စာရိတ္တများ နှင့်ဆက်နွယ်နေကြောင်းအတိအလင်းဆိုထားသည် (ဆာလံ၊ ၄၄:၂၁၊ ရောမ၊ ၂:၁၆၊ ၂ ကောရိန္သု၊ ၄:၂)။

သမာဓိမဂ္ဂင်ဟူသော အုပ်စုတွင် သမ္မာဝါယာမ၊ သမာသတိနှင့် သမ္မာသမာဓိဟူ၍ပါရှိပါသည်။

(၆) သမ္မာဝါယာမ (မှန်ကန်သော ကြိုးစားအားထုတ်မှု) ။

သမ္မာဝါယာမသည်ကောင်းသေအာမှုများတွင် မှန်ကန်စွာကြိုးစားအားထုတ်မှပြုခြင်းကိုဆိုလိုပါသည်။

တနည်းအားဖြင့်ဆိုရလျင် မကောင်းသောအနှုတ်လက္ခဏာများကို ဖယ်ရှားပြီး ကောင်းသောအရာများ၊ အပြုသဘောဆောင်သောအရာများကို အဆက်မပြတ်ကြိုးစားအားထုတ်နေခြင်းကိုဆိုလိုပါသည်။

လူ့သဘောတရားအရ ရိုးရှင်းစွာဆိုရလျင်….

ပျင်းရိခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တကြီးခြင်းစသော မကောင်းမှုများကို ဖယ်ရှားပြီး၊ အစဉ်မပြတ်ကောင်းသောအမှုများတွင် ကြိုးစားအားထုတ်မှုပြုနေခြင်းဟုဆိုရပေမည်။

 နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

မှန်ကန်သော ဝါယာမစိုက်ထုတ်နိုင်မှုအတွက် ဘုရားသခင့်အလိုတော်ကို နှုတ်ကပတ်တော်တွင် ဖော်ပြထား ရှိပြီး၊ လူတို့၏ နှလုံးသားကိုလည်း ဘုရားသခင်မှသာ ပြောင်းလဲစေနိုင်ပါသည် (၂ ကောရိန္သု၊ ၅:၁၇)။

ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင့်အလိုတော်၌ ဆန္ဒသာရှိလျင် ဘုရားသခင့် ဘုန်းတန်ခိုးတော်နှင့် ပြုပြင်မှုကို လူတိုင်းခံစားရရှိနိုင်ပါသည်။ ၎င်းမှာ လက်ရှိဘဝမှာပင်ခံစားရရှိနိုင်ပါသည် (ဆာလံ၊ ၃၄:၈၊ ၂ သက်သာလောနိတ်၊ ၃:၁၃၊ ၁ ကောရိန္သု၊ ၆:၁၁)။

(၇) သမ္မာသမာဓိ (မှန်ကန်သော သတိပြုတည်ကြည်မှု)။

ထိုသမ္မာသမာဓိ မှန်ကန်သော သတိပြုတည်ကြည်ခြင်းဆိုသည်မှာ မှန်ကန်သောကြိုးစားအားထုတ်မှ သမ္မာ ဝါယာမနှင့် တူညီသယောင်ရှိသော်လည်း မတူညီပါ။ အကြောင်းမှာ သမ္မာသမာဓိသည် အတွင်းစိတ်နှလုံးပိုင်း ဆိုင်ရာကို အဓိကထားလျက် ဆိုထားခြင်းဖြစ်သည်။

ထိုသို့ သမ္မာသမာဓိဟူသော တည်ကြည်မှုပြုနိုင်ရန်ဆိုသည်မှာလည်း လူတစ်ဦး၏ ဘဝဖြတ်သန်းမှုနှင့် အတွေ့အကြုံများပေါ်တွင် များစွာမှီတည်နေလျက်ရှိသည်၊ ထို့ကြောင့် သူ၏ အတိတ်ဖြစ်စဉ်များကို အခြေပြုပြီး… လက်ရှိပစ္စုပ္ပန်၊ လက်ရှိဖြစ်တည်နေမှု၊ အဆိုးအကောင်းများကို၊ မည်သို့သတိပြု၊ ရှုမြင်၊ သုံးသပ်မှုပြုသည်ကို သတိပြုလျက်တရားနှင့်အညီကျင့်ကြံခြင်းတို့ဖြစ်သည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

နှုတ်ကပတ်တော်က ကျွန်ုပ်တို့၏နေ့စဉ်ရှင်သန်မှုတွင်…. အပြုအမူ၊ အပြောအဆို၊ ကျင့်ကြံမှုတို့ကို သတိပြုရန်နှိုးဆော်မှုပြုထားပါသည် (၁ ကောရိန္သု၊ ၁၅:၃၃၊ ၆:၁၂)။

(၈) သမ္မာသတိ (မှန်ကန်သော ဆင်ခြင်အောက်မေ့မှုပြုခြင်း)။

မှန်ကန်သော သတိပြုဆင်ခြင်အောက်မေ့ခြင်းဟူသော သမာသတိသည် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကလက်တွေ့ကျင်သုံးသော တရားလမ်းစဉ်တစ်ခုလည်းဖြစ်သည်။ ထို့အတွက်….၊ ဘုရား စာရွက်ဆိုခြင်း၊ ဂုဏ်တော်ပွားများခြင်း၊ ပုတီးစိတ်ခြင်း၊ အာရုံပြုသုံးသပ်ခြင်း၊ တရားဘဝနာ စီးဖြန်းခြင်းများပြုနေကြသည်ကို နေ့စဉ်မြင်တွေ့ဘူးကြပေမည်။

ထိုသို့သတိပြုခြင်းဖြင့် မကောင်းမှုများကို ရှောင်းရှားစေပြီး၊ ကောင်းသောအရာများကိုသာ လက်တွေ့ကျကျ ပွားများကျင့်သုံးစေရန် အထောက်အကူဖြစ်စေပါသည်။

နှုတ်ကပတ်တော်က မည်သို့ဆိုထားသနည်း။

နှုတ်ကပတ်တော်တွင်လည်း ထိုသို့မှန်ကန်သော သတိပြုဆင်ခြင်အောက်မေ့မှုများပြုရန် အတိအလင်း ဆို၍ သတိပေးထားပါသည်။ (ဆာ၊ ၁:၂၊ ၁၁၉:၁၅)။

 ဘာအတွက်ဆင်ခြင်ရသနည်း။

နှုတ်ကပတ်တော်တွင် ဆင်ခြင်အောက်မေ့မမှုကို လူသားတို့ပြုရန်ဆိုထားသော်လည်း ထိုသို့ပြုခြင်း သည် ဘုရားသခင့်စကားတော်အပေါ်သာအခြေခံထားခြင်းဖြစ်ပြီး၊ ဘုရားတရားမေ့ပြီး၊ ဘဝကို ဆိတ်သုဉ်းစေခြင်းမျိုး မဟုတ်သည်ကို သတိပြုပါ။

ခရစ်ယာန်တို့၏ ဆင်ခြင်အောက်မေ့ခြင်းမှာ ဘုရားသခင်၌၎င်း၊ ဘုရားသခင့်စကားတော်၌၎င်း၊ ဘုရားသခင့် အလိုတော်တို့တွင်သာ အဓိကဖြစ်ပါသည်။

နိဂုံး

အချုပ်ဆိုရသော ထို “မဂ္ဂင်ရှစ်ပါး” ရှိအကြောင်းတရားတို့တွင် အချို့သောအချက်တို့တွင် နှုတ်က ပတ်တော် ရှုထောင့်အရ အမြင်မတူခြင်း၊ လမ်းကြောင်းမတူခြင်းများလည်းရှိနိုင်ပါသည်။ ထိုအတူ လုံးဝညှိယူ၍မရသော အစိတ်အပိုင်းများလည်းရှိနေပြန်ပါသည်။

မဂ္ဂင်ရှစ်ပါးလမ်းစဉ်အရ လူသည် မိမိတို့၏ စိတ်ဖြစ်စဉ်များကို လေ့ကျင့်ယူရင်း ထိုမှ ဘဝတစ်ခုလုံးကို ပြောင်းလဲရယူရန်ဖြစ်ပါသည်။

နှုတ်ကပတ်တော်တွင်ကား လူ၏စိတ်နှလုံးသည် ယုံကြည်၍မရ ဖောက်ပြန်တတ်သည်ဟုဆိုထားသည် (ယေရမိ၊ ၁၇:၉၊ ရောမ၊ ၃:၁၀-၁၂၊ ၇:၁၈-၂၄)။

သို့သော် ထိုစိတ်နှလုံး၏ဖောက်ပြန်ခြင်းသဘော တရားတို့ကို ဘုရားသခင့်အထံတော်၌ တိုးဝင်ခြင်းဖြင့် ရယူနိုင်ပါသည်။ ၎င်းမှာ ကျွန်ုပ်တို့၏ အသက် သခင်ကယ်တင်ရှင် သခင်ယေရှုခရစ်တော်အားဖြင့်သာ ရရှိနိုင်ပါသည် (ရောမ၊ ၇:၂၅၊ ဂလာတိ၊ ၃:၁၃)။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

Leave a Reply

Your email address will not be published. Required fields are marked *

Related Post