မိစ္ဆာအမှတ်လက္ခဏာများ
နိဒါန်း။
မိစ္ဆာဆရာတွေလောက် ဘယ်သူမှ ငရဲကို မပို့ဆောင်နိုင်ပါဘူး။ သူတို့သည် လူတို့အား သမ္မာတရားနှင့် လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း ဝေးကွာစေရန် အမြဲကြိုစားလုပ်ဆောင်လေ့ရှိသည်။ ထိုသို့ လမ်းလွဲစေရန်ပြုမူရခြင်းကိုပင် သူတို့အဖို့ ဝမ်းမြောက်ဂုဏ်ယူစရာတစ်ခုဖြစ်နေကြသည်။ မိစ္ဆာဆရာ များသည် ခေတ်အဆက်ဆက်ရှိလာခဲ့ကြသည်မို့ ယနေ့ခေတ်တွင် အထူးအဆန်းဟူ၍ မှတ်ယူစရာမပြုသင့်။ မိစ္ဆာများ အတွက်အထောက်အမဟူသည် ခေတ်အဆက်ဆက်ရှိခဲ့သည့်နည်းတူ ယနေ့ခေတ်တွင်လည်း ရှိကြ သည်။ ခေတ်ကာလမည်သို့ပင် ပြောင်းလဲနေပါစေ သူတို့လမ်းစဉ်များက လူအများဘုရားနှင့် ဝေးကွာစေခြင်း သာဖြစ် ပါသည်။
မိစ္ဆာဆရာတို့အသက်တာ၌ အမြဲဒွန်တွဲလျက်ရှိသော အမှတ်အသား (သို့) အပြုအမူ ၇ ချက်ရှိပါသည်။ ဓမ္မမိတ်ဆွေလည်း ဖတ်ရှုနေရင်း တစ်ပါးတည်း ချိန်ထိုးလျက် သတိပြုနိုင်ပါလိမ့်မည်။ ၎င်းတို့ကို အောက်ပါ အတိုင်း သိမြင်နိုင်ပါသည်။
၁။ ဘုရားထက် လူ့အကြိုက်ဆောင်သူများ။
သူတို့သည် သမ္မာတရားထက် လူထုအကြိုက်ကို အမြဲဟောပြောလေ့ရှိပြီး၊ နောက်လိုက်နောက်ပါတို့ အား မြောင့်ပင့်ခြင်းဖြင့် လုပ်ဆောင်လေ့ရှိကြသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဘုရားသခင်၏အလိုတော်၊ ဘုရားသခင်၏ သမ္မာတရားကို ဟောပြောခြင်းထက် လူထုကြားလိုသော၊ လူထုခံယူလိုသော အရာများကို သာလျင်ဟောပြောလေ့ရှိကြသည်။ နှုတ်ကပတ်တော်၌ဖေါ်ပြထားသောလမ်းစဉ်၌ ရှိမနေကြပါ။ “ဧဝံဂေလိ တရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့ သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြော ကြ၏” (၁ သက်၊ ၂:၄)။
၂။ သစ္စာရှိအမှုဆောင်များကိုမလိုမုန်းထားစိတ်ရှိသူ။
သမ္မာတရားကို သမ္မာတရားအတိုင်းဟောပြောသော သူများကို ဝေဖန်ပြစ်တင်လေ့ရှိပြီး၊ ထိုသို့သော သူတို့ကို ဝိညာဉ်အလင်းမရသူ။ ဘာသာရေးသမားများပင်ဖြစ်လျက် မောရှေနှင့် အာရုန်ကို တိုက်ခိုက်သော ကောရနှင့် မိတ်ဆွေများကဲ့သို့ သမ္မာတရားအတွက်ရပ်တည်သူများကို အံ့နှင့်ကျင်းဖွဲ့လျက် တိုက်ခိုက်မှုပြုလေ့ ရှိကြသည် (တော၊ ၁၆:၃)။ ဓမ္မသစ်တွင်ကြည့်ပါကလည်း မိစ္ဆာဆရာတို့သည် ရှင်ပေါလုအား ခြိမ်းခြောက်ခြင်း၊ ပျက်စီးစေရန်အထိပင်ပြုခဲ့ကြသည် “အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံ သောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကိုပြောသောသူဖြစ် သည်ဟု ဆိုတတ်သောသူရှိ၏” (၂ ကော၊ ၁၀:၁၀)။
၃။ မိမိအတွေးအခေါ်မျှသာ ဟောပြောခြင်း။
မိစ္ဆာဆရာတို့သည် အမြင်၊ အကြားအစရှိသော နတ်ကတော်၊ ဗေဒင်၊ နတ်ဝင်သည်၊ အောက်လမ်း ဆရာများကဲ့သို့ နှုတ်ကပတ်တော်ထက် မိမိတို့အထင်အမြင်များကိုသာလျင် ရှေ့တန်းတင်လျက်ဟောပြောမှု ပြုတတ်ကြသည်။ “ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ် ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏” (ယေရ၊ ၁၄:၁၄)။
ထိုသို့ဘာပြုမည်၊ ညာပြုမည်ဆိုလျက် မဖြစ်လာသော်လည်း သူတို့သည် အရှက်မရှိ၊ မျက်နှာပြောင် နှင့်ပင်လျက် အခြားအခြားသော လှည့်စားခြင်း၊ လိမ်ညာခြင်းများဖြင့် အခြားလက်တွဲဖေါ်များမွေးမြူ၍ သာ သနာအတွင်းဖျက်စီးရန်ကြိုးစားမြဲကြိုးစားလျက်ပင်ဖြစ်သည်။
၄။ အနှစ်ပယ်၍ အကာကိုဟောပြောခြင်း။
နှုတ်ကပတ်တော်၏ အနှစ်သာရစစ်ကိုဖယ်ထုတ်ပြီး အပေါ်ယံကိုသာလျင် အာရုံစိုက်ဟောပြောလျက် ရှိကြသည်။ ခရစ်တော်လက်ထက်ရှိ မိစ္ဆာများလည်း အလားတူပြုကြသည်။ ထို့ကြောင့်လည်း ခရစ်တော်က “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်” (မ၊ ၂၃:၂၃) ဟူ၍ဆိုခဲ့ခြင်းဖြစ်သည်။
မိစ္ဆာဆရာတို့သည် သမ္မာတရားကို ပစ်ပယ်လျက် အပေါ်ယံများကိုသာလျင် ဦးစားပေးဟောပြော၊ သွန်သင်ခြင်းများပြုတတ်ကြပါသည်။
၅။ မှားယွင်းသောအယူဝါဒကို လိမ်ညာဖုံးဖိခြင်း။
မိစ္ဆာဆရာတို့သည် သူတို့မှားနေသော သွန်သင်ချက်များကိုပင်လျင် မှန်ကန်သည်ဟူ၍ ပြောင်ပြောင် တင်းတင်းငြင်းပယ်ဖုံးဖိလျက်၊ နှုတ်ကပတ်တော်ကိုပင်လျင် မစုံလင်၊ အမှားများရှိနေသည့်အသွင်ဆောင်၍ ဟောပြောကြပေသည်။ သူတို့အယူလွဲမှားမှုကို ဖုံးဖိနိုင်ဖို့ဆိုလျင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတို့ကိုပင် မဆိုထားနှင့် ဘုရားနာမကိုပင်လျင် အလွဲသုံးစားပြုလုပ်လေ့ရှိကြပါသည်။
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏” (မ၊ ၂၃:၁၅) ဆိုသည့်အတိုင်း အဆိပ်ကို သကာလူး (သို့) ချောကလက်ဖုံးလျက် အမြဲတိုက်ကျွေးမှုပြုတတ်ကြသည်။
၆။ နောက်လိုက်များဖြင့်အမြတ်ထုတ်ခြင်း။
မိစ္ဆာဆရာတို့သည် နောက်လိုက်များကို သူတို့အကျိုးစီးပွားအတွက် အသုံးချလေ့ရှိကြသည်။ ထိုသို့ သောလမ်းစဉ်များကြောင့် ရှင်ပေတရုက “သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကို ငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။ သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာ တရားလမ်း အသရသည် ပျက်စီးလိမ့်မည်။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်း သည်လည်း အိပ်၍မပျော်” (၂ ပေ၊ ၂:၁-၃) ဆိုထားခဲ့ပါသည်။
၇။ စစ်မှန်သောဝိညာဉ်ရေးမရှိ။
နှုတ်ကပတ်တော်နို့ရည်စစ်ကို တိုက်ကျွေးခြင်းမရှိကြပါ။ ထိုအစား အတုအယောင်များဖြင့်သာလျင် လူတို့အားဟောပြော သွန်သင်လျက်ရှိသည်။ ထိုအထဲ၌ အထူးခြားဆုံးနှင့် မရိုးနိုင်သောလမ်းစဉ်မှာ လူသား တိုင်းဘုရားဖြစ်ရေးပင်ဖြစ်သည်။
ဘုရားဖြစ်ရေးသည် မာရ်နတ်ဖြစ်လာသော လောကဘုရား၏ အဓိကလမ်းစဉ်ပင်ဖြစ်ပါသည်။ ယနေ့ ဘုရားဖြစ်သည်ဟူ၍ ကြုံးဝါးလျက်၊ အိပ်စား၊ မေထုန်၊ ကာမဂုဏ်ဖြင့်ပြည့်နှက်နေသော မိစ္ဆာဆရာများစွာ၊ လောဘလွန်ကျူးလျက် လိမ်ညာဟန်ဆောင်ကာ ရွေပွား၊ ငွေပွားသည်ဆိုလျက် အလှူခံနေသူများ။ ကျန်းမာ ချမ်းသာရမည်ဆိုလျက် ကိုယ်တိုင်ရောဂါဗလပွဖြင့်၊ မမှန်သောနည်းလမ်းဖြင့် ငွေရမည်ဆိုလျင် ဘနဖူးသိုက် တူးနေသူများစွာတို့ကို မြင် တွေ့နိုင်ပါသည်။
“ဘုရားပုံသဏ္ဌာန်နှင့်အညီဖန်ဆင်းခံလူသားတို့အား” သင်တို့သည် ဘုရားသခင်ကဲ့သို့ ဖြစ်ကြမည်ကို သိမြင်တော်မူသောကြောင့် ဘုရားသခင်မှ တားမြစ်ခဲ့သည်ဟူသောစကားဖြင့်လည်းကောင်း၊ စားဖွယ်ကောင်း ခြင်း၊ အဆင်းလှခြင်း၊ နှစ်လိုဖွယ်ဖြစ်ခြင်းအစရှိသော မက်လုံးများဖြင့် လူတို့အား မရဏာနိုင်ငံငရဲအထိဆွဲ ခေါ်နေခြင်းဖြစ်သည်။ “ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူ တို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့” (မ၊ ၂၅:၄၁)။
နိဂုံး။
ယနေ့ထိုမိစ္ဆာများကို တွေ့ခဲ့လျင် ကျွန်ုပ်တို့ မည်သို့ပြုနိုင်ပါမည်နည်း။ သမ္မာကျမ်းစာ၌ ဆောင်ရန်/ ရှောင်ရန် အချက်ကို အောက်ပါအတိုင်းဆိုထားပါသည်။ “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ် ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူအများ တို့သည် လောကထဲသို့ ဝင်ကြပြီ။ ထိုသို့သော သူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။ ငါတို့သည် ကိုယ်ပြုစုသော အရာမပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့် ရှောက်ကြလော့။ ခရစ်တော်၏ဒေသနာ၌မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။ ထိုဒေသနာတော်မပါသော သူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။ မင်္ဂလာရှိ စေသော ဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏” (၂ ယော၊ ၁:၇-၁၀)
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်