ယုံကြည်သူနှင့် အတင်းအဖျင်း

၁။ အတင်းအဖျင်းဟူသည်။

“အတင်းအဖျင်းပြောသူ”ဟူသည် ဟေဗြဲလိုအားဖြင့် အောက်ပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။

အတင်းအဖျင်းပြောသူဟူသည် တစ်စုံတစ်ဦး၏လျို့ဝှက်ချက်များအား ကာယကံရှင်မသိလေအောင် လှည့်လည် ပြောဆိုခြင်း (သို့) အပို၊ အလိုဖြင့်အမနာပပြောဆိုခြင်းဟုဆိုထားပါသည်။

အတင်းအဖျင်းပြောသူသည် တစ်နည်းအားဖြင့် လူတွေ၏သတင်းအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာများကို သိရှိရန်စုံစမ်းပြီး၊ အလုပ်အကိုင်မဟုတ် အကြောင်းရှာကာ အရပ်တကာလှည့်၍ မိမိနှင့်မဆိုင်သောအမှုကိစ္စများ အားပြောဆိုခြင်းဟူ၍ဆိုထားပါသည်။

၂၊ အတင်းပြောခြင်းရည်ရွယ်ချက်။

အတင်းအဖျင်းပြောရာတွင် ရည်ရွယ်ချက်နှစ်ရပ်ရှိသည်။

(၁) အမွမ်းတင်ခြင်း။

အတင်းအဖျင်းပြောသူသည် အခြားသူများအကြောင်းကို မကောင်းပြောဆိုရင်း မိမိကိုယ်ကိုမိမိလူကောင်းတစ်ဦး (သို့) လူတော်တစ်ဦးအသွင်ရယူလိုသောကြောင့် အခြားသူများကို နှိပ့်ချပြီး မိမိဘဝကိုမြင့်မြတ်သူဖြစ်လိုသူများ ဖြစ်ကြသည်။

(၂) အများမကောင်းကြောင်းကိုသိစေလိုခြင်း။

အတင်းအဖျင်းပြောသူသည် တစ်ပါးသူ၏ အားနည်းချက်၊ ကျဆုံးခြင်း (သို့) အရှက်သိက္ခာကျရောက်စေရန် ရည် ရွယ်၍ ကာယကံရှင်မသိသောအကြောင်းအရာများကို လိုတိုး၊ ပိုလျော့၍ပြောဆိုခြင်း။ တစ်ပါးသူအား နာကျင်စေ မှုမရှိပါဟုဆိုသည့်တိုင် ထိုသို့ပြောဆိုခြင်းသည် “အတင်းအဖျင်းပြောဆိုခြင်း”သာဖြစ်ပါသည်။

၃။ လူ့သဘောနှင့် ဘုရားသခင့်စီရင်မှု။

ရောမဩဝါဒစာတွင် လူ့သဘောအရမည်မျှတရားမဲ့၊ ဘုရားမဲ့ဖြစ်နေကြောင်းနှင့် ဘုရားသခင်မှ ထိုဖြစ်တည်မှု တိုင်းကိုမည်သို့စီရင်တော်မူမည့်အကြောင်း ရှင်ပေါလုကရေးသားဖေါ်ပြထားပါသည်။ အထူးသဖြင့်တရားတော် ကိုငြင်းပယ်သောသူများအတွက်သတိပေးစကားလည်းဖြစ်သည်။

သူတို့သည် ဘုရားကိုကျောခိုင်းလျက် မိမိတို့၏ ဗီဇသဘော၊ အဝိဇ္ဇာသဘောတို့တွင် မည်မျှကျေးကျွန်အဖြစ်သို့ ရောက်ရှိနေကြောင်းပြဆိုထားသည်။ ထိုအဝိဇ္ဇာသဘော၏ကျေးကျွန်အဖြစ်ပြုနေသောအမှုများတွင်….

(၁) အတင်းအဖျင်းပြောခြင်း။

(၂) သိမ်ဖျင်းသောစကားပြောဆိုခြင်းတို့လည်း ပါဝင်လျက်ရှိပါသည်။ (ရောမ၊ ၁:၂၉-၃၂)။

အထက်ပါကျမ်စကားတော်အရ အတင်းအဖျင်းနှင့် သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းတို့သည် ဘုရားသခင့် ရှေ့တော်တွင်မည်မျှအရေးထားသော စီရင်မှုဖြစ်ကြောင်းထင်ရှားစေပြီး၊ ဘုရားသခင့်အမျက်တော်သည်လည်း ထိုအမှုအပေါ်တွင် သက်ရောက်နေသည်ဟုဆိုထားပါသည်။

၄။ အလုပ်မရှိ အကုသိုလ်ရှာသောအမှု။

ယနေ့ခေတ်တွင် အားလုံးသိသောဖြစ်စဉ်မှာ အရပ်တကာလှည့်အတင်းပြောြခင်းကို အားလုံးအသိပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ရှင်ပေါလုက အမျိုးသမီးများနှင့်စပ်ဆိုင်ပြီး သတိပေးစကားဆိုခဲ့သည် အလုပ်မရှိသော အမျိုးသမီး၊ မုဆိုးမနှင့်အခြားသောသူတို့သည် အိမ်လှည့်ရင်းအတင်းပြောလျက် အချိန်များကုန်လွန်စေသည်ဟု ဆိုခဲ့သည် (၁ တိ၊ ၅:၁၂-၁၃)။

“ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သော အရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏”။

ထိုသို့သောသူတို့သည် တစ်အိမ်တက်ဆင်းလှည့်လည်၍အချိန်ကုန်လွန်စေပြီး အတင်းအဖျင်းစကားများဖြင့်သာ အချိန်ကုန်တတ်သောကြောင့် “လည်၍စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့်” ဟူ၍ပင် သတိပေးစကားဆိုခဲ့ပါသည် (သု၊ ၂၀:၁၉)။

ထိုနည်းတူ အလုပ်အကိုင်မရှိသောကြောင့် သူတို့သည် အတင်းအဖျင်းစကားများကိုသာပြောဆိုတတ်ကြပြီး ထိုနည်းဖြင့် မိသားစုတွင်း၊ အသင်းတော်တွင်းဝယ်စိတ်ဝမ်းကွဲပြားစေသောကြောင့်လည်း သတိထားရန်အရေးကို သု၊ ၁၁:၁၂-၁၃ တွင် အထူးသတိပေးထားပါသည်။

“ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။ လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏”။

၅။ အဖျက်သဘောဆောင်သူ။

နှုတ်ကပတ်တော်တွင် အတင်းအဖျင်းပြောသူများအား “သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ်၏” (သု၊ ၁၆:၂၈)ဟုဆိုထားပါသည်။

အထင်းအဖျင်းပြောသူများကြောင့်…

(၁) မိတ်ဆွေခြင်း။

(၂) အိမ်ထောင်တွင်း။

(၃) အသင်းတော်တွင်း။

(၄) နိုင်ငံခေါင်းဆောင်တွင်းတို့အကြားဝယ် ပြိုကွဲခြင်း၊ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းများစွာတို့ ရင်ဆိုင်ကြုံတွေ့နေကြ ရပါသည်။

သို့သော် ထိုသို့သောသူတို့သည် ထိပ်တိုက်ရင်ဆိုင်ချိန်များတွင် ပြောစရာ စကားလုံးများမရှိတော့ဘဲ သူတို့အပြစ် များကိုဖုံးကွယ်ကာ တစ်ပါးသူများအပေါ်သို့ အပြစ်များကို လွဲချခြင်းဖြင့်သာ ခေါင်းရှောင်တတ်ကြပါသည်။

“မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်း ဖြစ်၏။ ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏” (သု၊ ၁၈:၇-၈)။

၆။ နှုတ်လျာကို စောင့်ထိန်းခြင်း။

ထို့ကြောင့် မိမိတို့နှုတ်လျာကို စောင့်ထိန်းသောသူတို့အား နှုတ်ကပတ်တော်က အောက်ပါအတိုင်းဆိုထားပါသည်။

“ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေ ထင်ရှားခြင်းကို တွေ့တတ်၏” (သု၊ ၂၁:၂၃)။

ထို့ကြောင့် မိသားစု၊ အသင်းတော်နှင့် မိမိရှိရာအရပ်တွင် တည်ဆောက်မှုကိုပြုလိုပါလျင် ကျွန်ုပ်တို့ လျာများကို စောင့်ထိန်းကြရပါမည်။ အထူးသဖြင့် အတင်းအဖျင်းပြောခြင်းများကို ရှောင်ရှားလျက် သခင်ဘုရားအလိုတော်နှင့် လမ်းပြမှုအတိုင်း နေ့စဉ်နာခံမှုပြုကြပါစို့။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

အသင်းသားတာဝန်များ

  အသင်းသားတာဝန် ၁။ အသင်းတော်အစီအစဉ်များဖြစ်သော ကျမ်းစာသင်ကြားခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် အခြား အသင်းတော်အစီအစဉ်များတွင် တက်ရောက်ပါဝင်ခြင်း။ ၂။ ဆယ်ဖို့တစ်ဘို့၊ အလှူဘဏ္ဍာငွေပေးလှူခြင်းနှင့် အသင်းတော်အမှုများတွင် ငွေအား၊ လူအားဖြင့်ပါဝင်ခြင်း။ ၃။ အသင်းတော်ရှိသမ္မာကျမ်းအခြေခံ အသင်းသားကျင့်ဝတ်များကို လိုက်နာခြင်း။ ၄။ အသင်းတော်ပဋိညာဉ်ဆယ်ပါးကို လိုက်နာခြင်း။ ၅။ အသင်းတော်၏ ယုံကြည်ချက်၊ မူဝါဒနှင့် လမ်းစဉ်များကိုလိုက်နာခြင်း။ ၆။ ဆုတောင်းအစီအစဉ်၊ အသင်းတော်ရှိ အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ ဓမ္မပညာစသောအမှုတော်ဌာန တစ်ခု ခုတွင် တက်ကြွစွာပါဝင်‌ဆောင်ရွက်ခြင်း။ ၇။ အသင်းသားတိုင်း အသင်းတော်၏ ဧဝံဂေလိ၊ အသင်းတော်တည်ဆောက်ခြင်းနှင့်  သာသနာမိတ်ဖက် လှုပ်ရှား မှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း (သို့) အသင်းတော်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ၈။ အသင်းသားတိုင်း ညီညွတ်ရေးကိုရှေ့ရှုလျက် တစ်သီးတစ်ခြားမနေ အားလုံးပူးပေါင်းဆောင်ရွက်ခြင်း။ […]