ဧည့်သည်အသင်းသား

၁။ အသင်းတော်၌ပါဝင်ခြင်း။

ဧည့်သည်အသင်းဝင်နှင့် ဧည့်သည်အဖြစ်တက်ရောက်သူမှာ ကွဲပြားခြားနားပါသည်။

          (၁) ဧည့်သည်အဖြစ်တက်ရောက်သူ။

ဧည့်သည်အဖြစ်တက်ရောက်သူမှာ မိမိသဘောကျသည့် အသင်းတော်များအသီးသီးသို့ သွားရောက်လျက် ပါဝင်ပြီး၊ အတည်တကျမရှိ အသင်းတော်စုံသွားနေသူကို ဆိုလိုပါသည်။

(၂) ဧည့်သည်အသင်းဝင်။

ဧည့်သည်အသင်းဝင်ဆိုသည်မှာ အသင်းတော်တစ်ပါးတွင် သစ္စာရှိစွာဖြင့် ပုံမှန်ပါဝင်ဆက်ကပ်နေသူကို ဆိုလိုပါ သည်။ အထူးသဖြင့် မိမိရှိနေသောအသင်းတော်၌ သာသနာ့လုပ်ငန်းများတွင် ချိတ်ဆက် လျက်ရှိနေသူ ဖြစ်သော်လည်း “အသင်းသား” အပြည့်အဝမဟုတ်သောသူများကိုသာ ဆိုလိုပါသည်။

ဧည့်သည်အသင်းဝင်ဆိုသည်မှာ မိမိမိခင်အသင်းတော်နှင့်ဝေးနေပြီး မိမိရောက်ရှိရာအရပ်တွင် အသင်းပြောင်းစာ မယူထားပဲ ထိုအသင်းတော်အနီးတွင်နေ အလုပ်သဘောအရ (သို့) ကျောင်းသားစသည်တို့ကို ဥပမာပေးလျင် ပို၍ သင့်တော်ပါသည်။

ဧည့်သည်အသင်းဝင်ဟူသည် တရားဝင်အသင်းပြောင်းစာနှင့် တရားဝင်ရာနှုန်းပြည့်အသင်းသားမဟုတ်သော်မှ ထိုအသင်းတော်၏ ယာယီအသင်းသားအဖြစ် ခံယူဆက်ကပ်နေခြင်းကို ဆိုလိုပါသည်။ တနည်းအားဖြင့် မိမိရှိနေ ရာ ဒေသန္တရအသင်းတော်တွင် ပိုမိုဆက်ကပ်ပါဝင်အစေခံနိုင်ရန် အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါသည်။

၂။ မည်သူတို့သည် ပို၍သင့်တော်ပါသနည်း။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျောင်းသားများ၊ အပြောင်းအရွေ့ဖြင့် (သို့) ယာယီနှစ်ရှည်သဘောဖြင့်ရှိနေသော ဝန်ထမ်းများ၊ စစ်သားများအတွက် ဧည့်သည်အသင်းဝင်အဖြစ် ပို၍အကျိုးကျေးဇူးများကို ဖြစ်ပွားစေပါသည်။

အထက်တွင်ဆိုခဲ့သော ကျောင်းသား၊ ဝန်ထမ်း၊ စစ်သားတို့သည် မိမိတို့၏ မိခင်အသင်းတော်နှင့် မိမိတို့မြို့ရွာနှင့် အလှမ်းဝေးနေသောအခါတွင် ဒေသန္တရအသင်းတော်တစ်ခုခု၌ ပါဝင်ခြင်း၊ ဆက်ကပ်ခြင်းဖြင့် သခင်ဘုရားအလို တော်ကို အကောင်အထည်ဖေါ်ဆောင်နိုင်စေရန် အထူးသင့်လျော်ပါသည်။

သူတို့သည် မိမိတို့ရရှိထားသော ဆုကျေးဇူးများဖြင့် အသင်းတော်တွင် ဥပုသ်စာဖြေ၊ ချီးမွမ်းကိုးကွယ်ခြင်းနှင့် အခြားသောသာသနာများတွင် ကျမ်းစာသင်ကြားခြင်းမှအစ ပါဝင်ဆက်ကပ်နိုင်ပါသည်။ ထိုသို့ဖြင့် လက်ရှိရှိနေ သောအသင်းတော်တွင် ဆက်ကပ်ခွင့်ရရှိနေသည့်နည်းတူ၊ မိမိ၏ မိခင်အသင်းတော်နှင့်လည်း အချိတ်အဆက် ရှိလျက် သခင်ဘုရားနှင့်အတူသွားလာနိုင်ပါသည်။

၃။ သခင့်အတွက် အသင်းသားကောင်းဖြစ်ခြင်း။

မိမိပါဝင်နေသောအသင်းတော်နှင့် မိမိအသင်းတော်ယုံကြည်ချက်တို့ မတူကွဲပြားမှုများလည်း ရှိကောင်းရှိနိုင်ပါ သည်။ သို့သော်လည်း မိမိရောက်ရှိရာတွင် သခင်ဘုရားအတွက် ဆက်ကပ်လိုသူ၊ အသင်းတော်တွင်အစေခံလိုသူ များအဖို့ ဧည့်သည်အသင်းဝင်ခြင်းဟူသည် လွန်စွာကောင်းမွန်သောအရာလည်းဖြစ်ပါသည်။

သို့သော်လည်း ထိုသို့ဧည့်သည်အသင်းသားတို့သည် အသင်းတော်နှင့် သာသနာ့လုပ်ငန်းများတွင် ဆက်ကပ်ပါဝင် လျက်ရှိနိုင်သော်လည်း အသင်းတော်၏ အစည်းအဝေးများတွင် “မဲပေးခြင်း”၊ “ဆုံးဖြတ်ခြင်း” စသောအမှုများတွင် မူကား မရရှိနိုင်သလို၊ အသင်းတော် သာသနာအတွက် အဓိကခေါင်းဆောင်မှုဟူသော အစေခံမှုများတွင်လည်း မရရှိနိုင်ပါ။

သို့သော် မိခင်အသင်းတော်နှင့် ဝေးနေသောသိုးစုတော်များအဖို့ ဧည့်သည်အသင်းဝင်ခြင်းသည် ခရစ်တော်၌ ရှိသော ညီအစ်ကိုသိုးစုတော်များအဝင်အဖြစ် မိတ်သဟာယဖွဲ့လျက် သွားလာဆက်ကပ်လျက်၊ အလိုတော်ကို ဆောင်ရွက်နိုင်ပါသည်။

ထိုသို့သော ဧည့်သည်အသင်းဝင် (သို့) ယာယီအသင်းသားများအားဖြင့် ဘုရားသခင့်ထားရှိသော အောက်ပါအကြံ အစည်တော်များကို ပြည့်ဝစုံလင်လာစေနိုင်ပါသည်။ “ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည် အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့် တယ်လျောက်ပတ်ပေ၏။ အာရုံ၏ ခေါင်းပေါ်မှာ လောင်းလျက်၊ သူ၏ မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင် ကျသောနံ့သာဆီ ကဲ့သို့ ဖြစ်၏။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုး ပေါ်သို့ ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသော အရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်း အခွင့် တည်းဟူသော ကောင်းကြီးမင်္ဂလာကို စီရင်တော်မူ၏”(ဆာလံ၊ ၁၃၃:၁-၃)။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post