ယေရှုသည် ခရစ်တော်ဖြစ်လာသည့်နည်းတူ လူသားတိုင်းလည်း ခရစ်တော်ဖြစ်လာနိုင်ကြောင်း မှားယွင်းသောလမ်းစဉ်များကို အချို့က သွန်သင်လျက်ရှိကြပါသည်။ ယေရှုသည်ကျွန်ုပ်တို့အားလုံးကိုယ်စား ခရစ်တော်ဖြစ်လာစေရန် ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ်သတ်မှတ်ကြပါသည်။
ထိုအယူဝါဒနှင့် သွန်သင်ချက်သည် လွန်စွာမှားယွင်းသောဩဝါဒတစ်ရပ်လည်းဖြစ်သည်။ ယေရှုတစ် ပါးတည်းသာလျင် ခရစ်တော်ဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းရှိ ပရောဖက်ပြုချက်များ၌ ကယ်ချွတ်ရှင်မေရှိယ ကြွလာတော်မူမည့်အကြောင်း ပရောဖက်ပြုချက်ပေါင်းရာဂဏန်းမကတွေ့ရှိနိုင်ပါသည် (က၊ ၁၂:၁-၃၊ ၂ ရာ၊ ၇:၁၂-၁၆၊ ဆာ၊ ၁၆:၁၀၊ ၂၂:၁၆၊ ၂၂၊ ဟေရှာ၊ ၇:၁၄၊ ၁၁:၂၊ ၃၅:၅-၆၊ ၅၃:၃-၅၊ မိက္ခာ၊ ၅:၂၊ ဇာခရိ၊ ၁၂:၁၀)။ ထိုသို့ ဖြင့်ဓမ္မသစ်တွင် ကြွလာတော်မူသော မေရှိယသည် ခရစ်တော်ဖြစ်ကြောင်းအတိအလင်းဆိုထားသည် (ယော၊ ၁:၄၁)။ ထိုယေရှုသည်သာ ထောင်ပေါင်းများစွာသော အနာဂတ္တိစကားတော်များကို ပြည့်စုံလာစေသည့် ခရစ် တော် (သို့) မေရှိယပင်ဖြစ်ပါသည်။
ပေတရုသည် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ကောင်းစွာသိနားလည်ခဲ့သည့်နည်းတူ (မ၊ ၁၆:၁၆)၊ မာသလည်း သိနားလည်ခဲ့သည် (ယော၊ ၁၁:၂၅-၂၇)။ ထိုမျှမက ယေရှုကိုယ်တော်တိုင် သူသည် ထားရှိသော ကတိတော်များပြည့်စုံစေဖို့ရန် ကြွလာတော်မူသော ခရစ်တော်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင်မိန့်တော်မူ၍ အတည်ပြုခဲ့ပါသည် (မ၊ ၁၆:၁၃-၂၀၊ ယော၊ ၁၁:၂၅-၂၇)။
ယေရှုသည် အချုပ်အနှောင်ခံရတော်မူပြီးနောက် အမြင့်ဆုံးသောယဇ်ပုရောဟိတ်မင်းကာယဖထံ၌ စီရင်မှုခံယူတော်မူစဉ် “ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ် တော်တည်းဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အားပြောစေခြင်းငှါ၊ အသက်ရှင် တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊ ယေရှုက၊ သင်ဆိုသည့်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏” (မ၊ ၂၆:၆၃-၆၄) ဟူ၍အတိအလင်း မြင်တွေ့ကြရပါသည်။ ထိုသို့ ကတိတော်လာခရစ်တော်ဖြစ်ကြောင်းကိုလည်း ကားတိုင်ထက်၌ အသက်တော် စွန့်လှူခြင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းတို့ဖြင့် နှုတ်ကပတ်တော်ကိုပြည့်စုံစေခဲ့ပါသည် (ယော၊ ၂:၁၉-၂၁)။
ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဓမ္မသစ်တွင်အကြိမ်များစွာတွေ့ရသည့်တိုင် “သင်တို့သည်လည်း ငါ့နည်းတူ ခရစ်တော်ဖြစ်ကြလိမ့်မည်” ဟူ၍ နှုတ်ကပတ်တော်၏ မည်သည့်နေရာ၌မျှမြင်တွေ့ရခြင်းမရှိပါ။ ထိုအစား ခရစ်တော်ဘုရားသတိပေးတော်မူခဲ့သည်က “အများသောသူတို့က ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်” (မ၊ ၂၄:၅) သာဖြစ်ပါသည်။
ဆင်ခြင်မှု – ယေရှုသည်သာ ကတိတော်လာ ခရစ်တော်စင်စစ်နှင့် တစ်ပါးတည်းသော ကျွန်ုပ်တို့ကယ်ချွတ်ရှင် ဖြစ်တော်မူပါသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်