ဘုရားဖက်ပြိုင်ကြသော ခရစ်ယာန်အမည်ခံမိစ္ဆာများ
ခရစ်ယာန်သာသနာတွင် ဗုဒ္ဓဘာသာများကဲ့သို့ “ဝိနယောနာမ သာသနာဿအာယု” ဝိနည်းသည် သာသနာ၏ အသက်သွေးကြောဖြစ်သည် ဆိုသောစကားရှိသလို၊ နှုတ်ကပတ်တော်၌လည်း ၂ တိ၊ ၃း၁၆-၁၇ ကအလားတူအတိအလင်း လက်ကိုင်ပြုရန် ပြဆိုထားသည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ “သူတစ်လူငါတစ်မင်း” စနစ်အားကြီးသော သာသနာ၌ ရာထူး၊ ဂုဏ်သိက္ခာနှင့် အခွင့်အလမ်းများကို စောင့်ထိန်းနေသူများကြောင့် သာသနာအတွင်း လှိုက်စားလာမှု တို့မှာ အတွင်း၌ ဟောင်းလောင်းဖြစ်သည်အထိမြင်သာလာခဲ့ရပါပြီ။
လက်ရှိ “ဘုရားလေးဝါဒ” ဟူသောအရာနှင့် စပ်ဆိုင်၍ မှန်သည်/မှားသည်ဟူ၍ ထောက်ပြခြင်းများ လည်းမလိုအပ်ဟု အချို့ကဆိုကြသည်။ အကြောင်းမှာ သာသနာကိုစောင့်ထိန်းအပ်သောဓမ္မဆရာဝတ်ထက် လူတို့ ကလေးစားခြင်း၊ ကြည်ညိုခြင်း၊ ဝိညာဉ်သဘောဆောင်ခြင်းစသော အရာများ၌သာ သာယာယစ်မူးနေသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်သောကြောင့် ဗုဒ္ဓဘာသာတို့ ခံယူထားသော ဘုရားတစ်ပါး ဂုဏ်တော်များနှင့်လည်းကောင်း ခရစ်ယာန်တို့လက်ကိုင်ပြုသော ဘုရားတစ်ပါး၏ ဂုဏ်တော်များအားဖြင့် လည်းကောင်း ချိန်ထိုးပြီး ဘုရားဟူ၍ မိမိကိုယ်ကိုကြွေးကြော်သင့်၊ မကြွေးကြော်သင့်၊ လက်ခံသင့်၊ လက်မ ခံသင့်တို့ကို မီးမောင်းထိုးပြလိုပါသည်။
၁။ ဗုဒ္ဓဘာသာတို့၏ ဘုရားဂုဏ်တော်များ။
ဗုဒ္ဓဘာသာတွင် ဂုဏ်တော် (အင်္ဂလိပ်: supreme qualities) ဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ် ကျေးဇူး (သို့) စွမ်းရည်သတ္တိ (သို့) အရည်အချင်းများ ကိုဆိုလိုသည်။ ဂုဏ်တော် ဟူသော စကားလုံးသည် “ဂုဏ”နှင့် “တော်” တို့ကို ပေါင်းစပ်ထား၍ “ဂုဏ” သည် ကျေးဇူးတရား၊ အရည်အချင်းများဟု အနက်ယူ နိုင်ပြီး “တော်” သည် မြင့်မြတ်မှုကို ညွှန်းဆိုသည့် နာမ်နောက်ဆက်စကားလုံးဖြစ်သည်။
ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်တစ်ခုတည်းတွင်ပင် ဘုရားဂုဏ်တော်ကိုးပါးကို (၂၃) ကြိမ်အထိ ကိုယ် တိုင်ဟောတော်မူကြောင်း ကိုးကားရင်းမြစ်စာအုပ်တစ်ခု၌ ဆိုသည်။ ဂုဏ်တော်များမှာ အနန္တဖြစ်၍ ရေတွက်မရနိုင်သော်လည်း အချုပ်အားဖြင့် ဤကိုးပါးကိုသာ ပြဆိုလေ့ရှိသည်။ ဝင်္ဂီသရန္တာမထေရ်ကလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဂါထာအမျိုးမျိုးဖွဲ့ဆို၍ သီကုံးခဲ့သည်။ ထို့အပြင် အရှင်သာရိပုတ္တရာ သည်လည်း သီဟနာဒသုတ်၌ ဘုရား၏ ဂုဏ်တော်များကို ချီးကျူးဖွဲ့ဆို လျှောက်ထားမှုရှိသည်။
ထေရဝါဒဗုဒ္ဓဘာသာ၌ ဗုဒ္ဓနုဿတိ၊ ဓမ္မနုဿတိ၊ သံဃာနုဿတိ ဘာဝနာများပွားများရာ၌ ထိုဂုဏ် တော်များကို အဖန်တလဲလဲပွားများကြသည်။ အရှင်ဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်တွင် ဤသို့ နုဿတိပွား များခြင်းသည် ယုံကြည်မှုသဒ္ဒါ၊ သမာဓိ၊ ပညာနှင့် ကုသိုလ်တရားများရရှိနိုင်ကြောင်း ဆိုထား၏။ ထို့နောက် ပွားများအားထုတ်သူသည် ဘုရားရှင်၏ တည်ရှိမှုတွင် နေရသကဲ့သို့ ခံစားရနိုင်သည်ဟုလည်း ဆိုထား လေသည်။
ဥပမာအနေဖြင့် ဘုရားဂုဏ်တော်ကိုးပါးဂါထာကို ဆက်လက်ဖော်ပြထားသည်။
ဘုရား ဂုဏ်တော် ၉ ပါး
ဣတိပိ သော ဘဂဝါ
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ဝိဇ္ဇာစရဏသမ္ပန္နော
၄။ သုဂတော
၅။ လောကဝိဒူ
၆။ အနုတ္တရောပုရိသဒမ္မသာရထိ
၇။ သတ္ထာဒေဝမနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂဝါ
၁။ “အရဟံ” ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူ ထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရားဟုဆိုပါးသည်။ ထို “အရဟံ” ၌ပင်လျင် ဖွင့်ဆိုချက် ငါးရပ်ကိုတွေ့နိုင်ပါသည်။
၁။ အာရကတ္တာ– ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ– လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ– ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရ ဟမည်၏။
၄။ အရီနံ ဟတတ္တာပိ– ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ– သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၂။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူ သော မြတ်စွာဘုရား။ (အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား )
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရားဟုဆိုထားပြီး၊ ၎င်းဝိဇ္ဇာစရဏ၌ပင် “ဝိဇ္ဇာ” ဟူသော ဂုဏ်အင်္ဂါသုံး ရပ် (သို့) ရှစ်ရပ်နှင့် “စရဏ” ဟူသော ဂုဏ်ပုဒ် ၁၅ ချက်ကိုအောက်ပါအတိုင်း ဖေါ်ပြထားကြသည်။
ဝိဇ္ဇာဉာဏ် (၃) ပါး
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် – နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် – အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တ မဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး
၁။ ဣဒ္ဓိဝိဓဉာဏ် – တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် – စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် – နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် – သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် – ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက် မေ့ နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် – နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် – ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင် ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် – အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တ မဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး
၁။ သဒ္ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ္တပ္ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။ စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။ နောင်တွင်လိုအပ်ပါက မြန်မာလိုပြန်လည်ရေးသားဖေါ်ပြသွားပါမည်။
၄။ သုဂတော ဂုဏ်တော်
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
၅။ လောကဝိဒူ ဂုဏ်တော်
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော် မူသောမြတ်စွာဘုရား။
၇။ သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင် သော မြတ်စွာဘုရား။
သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရ ဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် – ဒုက္ခသစ္စာ – ဒုက္ခဟူသော ဆင်းရဲခြင်း တရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ – သမုဒယသည် ‘ဒုက္ခ’ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ – ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ – နိဗ္ဗာန် ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
၉။ ဘဂဝါ ဂုဏ်တော်
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရားဆိုရာ တွင် ထိုဘဂဝါ၌ ဂုဏ်တော် ၆ ပါးကို အောက်ပါအတိုင်းမြင်တွေ့နိုင်ပြန်ပါသည်။
ဘုန်းတော်ခြောက်ပါး
- ဣဿရိယဘုန်းတော်– မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာ ဘုရား။
- ဓမ္မဘုန်းတော်– မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
- ယသဘုန်းတော်– များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
- သိရီဘုန်းတော်– အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
- ကာမဘုန်းတော်– လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
- ပယတ္တဘုန်းတော်– အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ထို့ကြောင့် မိမိကိုယ်ကို “ဘုရားဖြစ်သည်၊ ဘုရားဖြစ်ပြီ” ဆိုသောသူများအနေဖြင့် မှန်သည်/မှား သည်ကို မသိနိုင်သည်ဆိုထားသော်လည်း ဗုဒ္ဓဘာသာကျမ်းစာအရလည်း ဘုရားဟူ၍ မဆိုထိုက်သူများပင် ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်အရ ဘုရားဂုဏ်တော်များကိုလည်း တစ်ဖန်ပြန်လည်တင်ပြသွားပါမည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်