ဘုရားလေးမိစ္ဆာဝါဒီ

ဘုရားဖက်ပြိုင်ကြသော ခရစ်ယာန်အမည်ခံမိစ္ဆာမျာ

ခရစ်ယာန်သာသနာတွင် ဗုဒ္ဓဘာသာများကဲ့သို့ “ဝိနယောနာမ သာသနာဿအာယု” ဝိနည်းသည် သာသနာ၏ အသက်သွေးကြောဖြစ်သည် ဆိုသောစကားရှိသလို၊ နှုတ်ကပတ်တော်၌လည်း ၂ တိ၊ ၃း၁၆-၁၇ ကအလားတူအတိအလင်း လက်ကိုင်ပြုရန် ပြဆိုထားသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ “သူတစ်လူငါတစ်မင်း” စနစ်အားကြီးသော သာသနာ၌ ရာထူး၊ ဂုဏ်သိက္ခာနှင့် အခွင့်အလမ်းများကို စောင့်ထိန်းနေသူများကြောင့် သာသနာအတွင်း လှိုက်စားလာမှု တို့မှာ အတွင်း၌ ဟောင်းလောင်းဖြစ်သည်အထိမြင်သာလာခဲ့ရပါပြီ။

လက်ရှိ “ဘုရားလေးဝါဒ” ဟူသောအရာနှင့် စပ်ဆိုင်၍ မှန်သည်/မှားသည်ဟူ၍ ထောက်ပြခြင်းများ လည်းမလိုအပ်ဟု အချို့ကဆိုကြသည်။ အကြောင်းမှာ သာသနာကိုစောင့်ထိန်းအပ်သောဓမ္မဆရာဝတ်ထက် လူတို့ ကလေးစားခြင်း၊ ကြည်ညိုခြင်း၊ ဝိညာဉ်သဘောဆောင်ခြင်းစသော အရာများ၌သာ သာယာယစ်မူးနေသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်သောကြောင့် ဗုဒ္ဓဘာသာတို့ ခံယူထားသော ဘုရားတစ်ပါး ဂုဏ်တော်များနှင့်လည်းကောင်း ခရစ်ယာန်တို့လက်ကိုင်ပြုသော ဘုရားတစ်ပါး၏ ဂုဏ်တော်များအားဖြင့် လည်းကောင်း ချိန်ထိုးပြီး ဘုရားဟူ၍ မိမိကိုယ်ကိုကြွေးကြော်သင့်၊ မကြွေးကြော်သင့်၊ လက်ခံသင့်၊ လက်မ ခံသင့်တို့ကို မီးမောင်းထိုးပြလိုပါသည်။

၁။ ထာဝရဘုရား၏ ဘုရားဂုဏ်တော်များ။

ဘုရားသခင်၏ ဂုဏ်တော်များကား အဘယ်နည်း။ ဘုရားသခင်ရဲ့ ဂုဏ်တော်တွေအကြောင်း ပြောတဲ့ အခါ၊ ဘုရားသခင်က ဘယ်သူလဲ၊ ဘုရားက ဘယ်လိုမျိုးလဲ၊  ဘယ်လိုမျိုး ဘုရားသခင်လဲ  အစရှိတဲ့ မေးခွန်း တွေကို ဖြေဆိုပေးဖို့ တောင်းခံနေခြင်းပါပဲ။  ဘုရားသခင်ရဲ့ ဂုဏ်တော်တစ်ခုဟာ သူ့အတွက် မှန်ကန်တဲ့ အရာတစ်ခု၊ သူ့ရဲ့ဝိသေသလက္ခဏာတွေပါပဲ။ ကျွန်ုပ်တို့အတွက် ဘုရားသခင်သည် မည်သူမဖြစ်နိုင်သည်ကို အပြည့်အ၀နားလည်နိုင်သော်လည်း ဘုရားသခင်သည် နည်းအမျိုးမျိုးဖြင့် မိမိအဖြစ်တော်နှင့် ဂုဏ်တော်များ ကိုဖွင့်ပြနေခြင်းဖြစ်သည်။

ဘုရားသခင့်ဂုဏ်တော်နှင့် ဘုရားသခင့်အဖြစ်တော်ကို နှုတ်ကပတ်တော်မှလွဲပြီး ဖေါ်ကျူး၊ ရှင်းပြ နေခြင်းက စိတ်ကူးသက်သက်သာဖြစ်ပြီး တိကျမှုမရှိနိုင်ပါ။  ထို့ကြောင့်လည်း မိမိတို့၏ အထင်အမြင် များနှင့် ဖွင့်ပြခြင်းက ဘုရားသခင့်ဂုဏ်တော်များကို အထင်အမြင်မှားစေခြင်း၊ အလွဲဖြစ်စေခြင်းတို့ ကြုံရ တတ်ကြပါသည် (ယောဘ၊ ၄၂:၇)။

ဘုရားသခင့်ဂုဏ်တော်နှင့် အဖြစ်တော်များကို သိခြင်းက ကျွန်ုပ်တို့အတွက် လွန်စွာအရေးပါလှပြီး၊ ထိုသို့သိမြင်ခြင်းဖြင့် ယုံကြည်သက်ဝင်မှုတွင်ခိုင်မြဲတည်ကြည်မှုပေးပါသည်။ ထိုသို့မဟုတ်လျင် မှားယွင်း သောအထင်အမြင် များနှင့်အတူ လွဲမှားသောထင်မြင်မှုများဖြင့် မိစ္ဆာဒိဌိအဖြစ်သို့ပင် ရောက်ရှိသွား ကြသည်ကို မြင်တွေ့နားလည်ကာ အတုယူသင့်လှပါသည် (ထွက်၊ ၂၀:၃-၅)။

၂။ ဘုရားဂုဏ်တော်အကုန်အစင်သိနိုင်မလား။

ဘုရားသခင့်အဖြစ်တော်နှင့် ဂုဏ်တော်များကို ဖွင့်ပြထားတော်မူသလောက်သာလျင် ကျွန်ုပ်တို့ သိမြင်နိုင်ကြ ပါသည်။ အကြေင်းမှာ ဘုရားသခင့်အကြောင်းနှင့် ဖြစ်တော်စဉ်အကုန်ကို မည်သည့်လူသား တစ်ဦးမှ သိခြင်းငှါ မစွမ်းသာပါ။  ထို့ကြောင့်လည်း ဖေါ်ပြထားသော ဘုရားသခင့်ဂုဏ်တော်များကို ဆက် လက်လေ့လာသွားကြရန် ဖြစ်ပါသည် (ဟေရှာ၊ ၆၀:၁၉၊ ယာ၊ ၁:၁၇)။

ထို့ကြောင့် ကျွန်ုပ်တို့သိရှိရန်လိုအပ်သမျှကိုဖွင့်ပြထားသော ဘုရားသခင့်ဂုဏ်တော်နှင့် အဖြစ်တော် များကို ကျွန်ုပ် တို့လျစ်လျူမရှုသင့်ပါ (ဟေဗြဲ၊ ၄:၁)။ ဖန်ဆင်းခြင်းလက်ရာတော်များ၊ နှုတ်ကပတ်တော်၊ ခရစ်တော်ဘုရားစသည် တို့ဖြင့် ဘုရားသခင်သည် သူ့အဖြစ်တော်နှင့် ဂုဏ်တော်များကို နည်းလမ်းများစွာ ဖြင့်ပြသထားတော်မူလျက် ရှိပါသည်။

၃။ ဣဿရနိမ္မာနအရှင်။

ယနေ့မြန်မာ့ဆိုရိုးစကားတွင် “မိစ္ဆာဒိဌိ” ဆိုသောစာရင်း၌ အထက်ပါ ဣဿရနိမ္မာနဟူသော ဖန်ဆင်းရှင်လည်း တစ်ပါးအပါအဝင်ထည့်သွင်းထားကြသော်လည်း ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်းဖြစ်တော် မူသော ဘုရားသခင့် အကြောင်းကို မဖြစ်မနေသိရှိကြရန် လိုအပ်ပါသည်။

ထိုဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်ဘုရားဖြစ်ပြီး (က၊ ၁:၁၊ဆာ၊ ၂၄:၁)၊ ကျွန်ုပ်တို့ ကိုလည်းသဏ္ဌာန်တော်ဖြင့်အညီဖန်ဆင်း၍ သတ္တလောကကို အုပ်စိုးခွင့်ပေးခဲ့သော အရှင်လည်းဖြစ်သည် (က၊ ၁:၂၆-၂၈)။ အပြစ်တရားသက်ရောက်ခဲ့သော်လည်း ဖန်ဆင်းခြင်းလက်ရာ တော်များသည် ဘုရားသခင့်လက်ရာ တော်များကို ယခုတိုင်ဖေါ်ကျူးလျက်ရှိနေပါသည် (က၊ ၃:၁၇-၁၈၊ ရော၊ ၁:၁၉-၂၀)။  ထို့ကြောင့် ဖန်ဆင်းခြင်း လက်ရာတော်များကို ရှုမြင်ခြင်းဖြင့် ဘုရားသခင့်အတိုင်း အဆမရှိသော ဉာဏ်တော်များကို ကျွန်ုပ်တို့ ရှုမြင်၍ သုံးသပ်မှုပြုနိုင်ပါသည်။

၄။ အမည်သညာနှင့် စပ်ဆိုင်သောဂုဏ်တော်များ။  

မြန်မာစကားတွင် “ပညာတ်သွားရာ ဓါတ်သက်ပါ” ဆိုသောစကားအတိုင်း အမည်နာမသည် အဖြစ် တော်များထဲမှ ဂုဏ်ရည်အချို့ပင်လျင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း အောက်ဖေါ်ပြပါအမည်နာမနှင့် စပ်ဆိုင်သောဂုဏ်တော် အချို့ကိုဖေါ်ပြလိုပါသည်။

(၁) အနန္တတန်ခိုးတော်ရှင် = Elohim  (က၊ ၁:၁)။

(၂) ဆရာသခင်ဖြစ်တော်မူသောအရှင် = Adonai (ထွက်၊ ၄:၁၀-၁၃)။

(၃) အမြင့်မြတ်ဆုံးသောဘုရား = El Elyon (က၊ ၁၄:၂၀)။

(၄) ဒိဗ္ဗစက္ခုရှိသောဘုရား = El Roi (က၊ ၁၆:၁၃)။

(၅) အတုမဲ့တန်ခိုးကြီးသောဘုရား = El Shaddai (က၊ ၁၇:၁)။

(၆) နိစ္စထာဝရဘုရား = El Olam (က၊ ဟေရှာ၊ ၄၀:၂၈)။

(၇) မိမိအလိုဖြစ်တည်သော သယမ္ဘူရှင်ဘုရား = Yahweh (ထွက်၊ ၃:၁၃-၁၄)။

၅။ ဘုရားသခင့်ဂုဏ်တော်များကို လေ့လာခြင်း။

(၁) ထာဝရဘုရား။

ထာဝရဘုရားဖြစ်တော်မူသောကြောင့် ထိုအရှင်သည် အာဒိကနှင့် အန္တိမအရှင်လည်းဖြစ်တော်မူပါ သည်။ ထိုမျှမက ဖေါက်ပြန်ခြင်းကင်းသော နိစ္စထာဝရအရှင်လည်းဖြစ်သည် (တရား၊ ၃၃:၂၇၊ ဆာ၊ ၉၀:၁၊ ၁ တိ၊ ၁:၁၇)။  လူသားတို့သည် သင်္ခါရနယ်သားများဖြစ်၍ ပြောင်းလဲတတ်ကြသော်လည်း ဘုရားသခင်မူကား အသင်္ခါရအရှင် ဖြစ်၍ ပြောင်းလဲခြင်းကင်းသောအရှင်လဖြစ်သည့်အတွက် လူမျိုးတကာတို့ ခိုလှုံအားထား ရာအရှင်လည်းဖြစ်ပေ သည် (မိက္ခာ၊ ၃:၆၊ တော၊ ၂၃:၁၉၊ ဆာလံ၊ ၁၀၂:၂၆-၂၇)။

ထို့အတူ ဘုရားသခင်သည် အနှိုင်းမဲ့ အတုမဲ့ဖြစ်၍ ကောင်းကင်အောက်မြေကြီးပေါ်တွင် နှိုင်းယှဉ် အပ်မှုကင်းစင် တော်မူသောအရှင်ဖြစ်သည်။ မြင့်မြတ်စုံလင်၍ အတုမဲ့ဘုရားဖြစ်တော်မူပါသည် (၂ ရာ၊ ၇:၂၂၊ ဆာ၊ ၈၆:၈၊ ဟေရှာ၊ ၄၀:၂၅၊ မ၊ ၅:၄၈)။

ထို့ကြောင့်လည်း မြန်မာစကားပုံတွင် “အနှိုင်းမဲ့၊ အတုမဲ့” စသောစကားပုံတို့မှာ ထိုဘုရားရှင်၏ ဂုဏ်ပုဒ်တော် များစွာထဲမှတစ်ခုအပါအဝင်ဖြစ်၍ ကျွန်ုပ်တို့ ကြံစည်ခြင်း၊ နှိုင်းယှဉ်ခြင်းငှါ မစွမ်းသာမှန်း ကောင်းစွာနားလည်နိုင် မှုကိုပုံဖေါ်ပေးသည့်စကားအဖြစ် ဆိုနိုင်ပေသည် (ဟေရှာ၊ ၄၀:၂၈၊ ဆာ၊ ၁၄၅:၃၊ ရော၊ ၁၁:၃၃-၃၄)။

(၂) တရားမျှတတော်မူသောဘုရား။

ဘုရားရှင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားခြင်းမရှိပါ။ အားလုံးအပေါ်တွင် တရားမျှတစွာဖြင့် စီရင်မှု ကိုပြုတော်မူပါသည် (တရား၊ ၃၂:၄၊ ဆာ၊ ၁၈:၃၀)။

အနန္တတန်ခိုးတော်ရှင်ဖြစ်၍ ခပ်သိမ်းမှုကိုလည်း တတ်စွမ်းနိုင်တော်မူပါသည် (ဗျာ၊ ၁၉:၆၊ ယေရမိ၊ ၃၂:၁၇)။  အနန္တမျက်မှောက်တော်ရှင်ဖြစ်၍ ခပ်သိမ်းအမှုကိုသိမြင်တော်မူပါသည် (ဆာ၊ ၁၃၉:၇-၁၃၊ ယေရမိ၊ ၂၃:၂၃)။ သဗ္ဗညုတအရှင်ဖြစ်၍ ခပ်သိမ်းသေအာမှုကိုလည်း သိတော်မူပါသည် (ဆာ၊ ၁၃၉:၁-၅၊ သု၊ ၅:၂၁)။

ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိုအရှင်အား ဖုံးကွယ်ခြင်း၊ ထိန်ချန်ခြင်း၊ မျက်နှာသာပြု၍ တိုးဝင်ခြင်းတို့ မပြုနိုင်ပါ။ တရားမျှတစွာဖြင့် လောကီသားအားလုံးကို စီရင်ပြုပြင်တော်မူမည့် အရှင်ဖြစ်ပါသည်။

(၃) အတုမဲ့ဘုရား။

မြန်မာလိုအားဖြင့် “ဧက” ဟူ၍ဆိုသော တစ်ဆူတည်း (သို့) အတုအတူမရှိသော တစ်ဆူတည်း သောဘုရားဖြစ်ပြီး လူသားတို့ကို ချစ်မြတ်နိုးတော်မူသောအရှင်လည်းဖြစ်ပါသည်။

လူသားအားလုံး၏ ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်းကိုလည်း ခံယူတော်မူထိုက်သောအရှင်လည်း ဖြစ်သည် (တရား၊ ၆:၄)။ ထိုအရှင်သည် ဖြောင့်မတ်တော်မူ၍ တရားသဖြင့်စီရင်တော်မူသောအရှင်ဖြစ်သလို၊ အပြစ်လွတ်ခြင်းနှင့် ခွင့်လွတ်ခြင်းကိုလည်း “ရိုသေမာန်ကျိုးသူ” (သို့) “မာန်ခဝါချသူ” များအဖို့လည်း လက်ကမ်းလျက် ကြိုဆိုကာ အိုနာသေခြင်းကင်းရာသို့ ပို့ဆောင်ပေးတော်မူမည့်အရှင်လည်းဖြစ်ပါသည် (ထွက်၊ ၉:၂၇၊ မ၊ ၂၇:၄၅-၄၆၊ ရော၊ ၃:၂၁-၂၆)။

(၄) အုပ်စိုးခြင်းအာဏာစက်ရှိသောဘုရား။

ထိုအရှင်သည် ခပ်သိမ်းကိုဖန်ဆင်းပိုင်သတော်မူ၍ အုပ်စိုးခြင်းအာဏာစက်တော်နှင့်အတူ ကြီး မြတ်၍ စိုးစံတော် မူသောအရှင်လည်းဖြစ်ပါသည် (ဆာ၊ ၉၃:၁၊ ၉၅:၃၊ ယေရမိ၊ ၂၃:၂၀)။ ထို့အတူ နံဝိညာဉ်ဖြစ်တော်မူသော ထိုအရှင် သည်အရူပအရှင်ဖြစ်၍ ကျွန်ုပ်တို့သည် အပြစ်သဘောဖြင့် ရှိနေသောသူတို့အဖို့ မျက်ဝါးထင်ထင်ဖူးမြင်ခြင်းငှါ မစွမ်းသာသောအရှင်ဖြစ်သည် (ယော၊ ၁:၁၈၊ ၄:၂၄)။

ထို့အတူ သုံးပါးတစ်ဆူဖြစ်တော်မူပြီး သမ္မာတရားဖြင့်လူတို့အား ကယ်တင်ခြင်းအကျွတ်တရား လမ်းကို ခင်းပေး တော်မူခဲ့သောအရှင်လည်းဖြစ်ပါသည်။ ထိုအရှင်သည် သမ္မာတရားတို့အရှင် (သို့) အရင်း အမြစ်ဖြစ်တော်မူ၍ မုသာနှင့် ကင်းစင်တော်မူသောဘုရားလည်းဖြစ်ပါသည် (ဆာ၊ ၁၁၇:၂၊ ၁ ရာ၊ ၁၅:၂၉)။

(၅) သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား။

ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်၍ အကုသိုလ်အညစ်အကြေးနှင့် အပြစ်တရားတို့မှ ကင်းစင် တော်မူသော အရှင်လည်းဖြစ်သည်။ အပြစ်ဒုစရိုက်အလုံးစုံတို့ကိုသိမြင်ပြီး စက်ဆုပ်ရွံရှာတော်မူသော ဘုရား ဖြစ်သည် (ဟေရှာ၊ ၆:၃၊ ဟဗ၊ ၁:၁၃၊ ထွက်၊ ၃:၂၊ ၄-၅၊ ဟေဗြဲ၊ ၁၂:၂၉)။

ထိုသို့သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်သည် သစ္စာရှင်၊ ကရုဏာတော်ရှင်လည်းဖြစ်၍ လူသားတို့ကို ကျေးဇူးပြုတော်မူသောဘုရားလည်းဖြစ်ဖြစ်ပြန်ပါသည်။

အချုပ်အားဖြင့် ဆိုရလျင် ဘုရားသခင်သည် “မနှိုင်းယှဉ်အပ်၊ မကြံစည်အပ်” ဟူ၍အားလုံး သိထားသော ဂုဏ်တော်အပေါင်းတို့ဖြင့် ပြည့်စုံတော်မူသောအရှင်ဖြစ်၍ ကျွန်ုပ်တို့သည် ထိုအရှင်၏ အဖြစ်တော်နှင့် ဂုဏ်တော် တို့ကို အကုန်အစင်သိခြင်းငှါ မစွမ်းသာသော်လည်း ထိုအရှင်ဖွင့်ပြတော်မူသော ဂုဏ်တော်မျှဖြင့် ကျွန်ုပ်တို့အတွက် အသက်ရှင်ကိုးစားရမှုလုံလောက်လျက်ပင်ရှိနေပါပြီ။

ထို့ကြောင့် မိမိကိုယ်ကို “ဘုရားဖြစ်သည်၊ ဘုရားဖြစ်ပြီ” ဆိုသောသူများအနေဖြင့် မှန်သည်/မှား သည်ကို မသိနိုင်သည်ဆိုထားသော်လည်း သမ္မာကျမ်းစာအရလည်း ဘုရားဟူ၍ မဆိုထိုက်သူများပင် ဖြစ်ကြောင်းရှင်းလင်းစွာဖေါ်ပြအပ်ပါသည်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

သမ္မာကျမ်းစာ

သမ္မာကျမ်းစာ အချို့သောသူများက နှုတ်ကပတ်တော်ကျမ်းစာသည်တစ်ခုတည်းသော သမ္မာတရားအဖြစ် ယုံကြည် ခြင်းမရှိဟုဆိုကြသည်။ ထိုသို့ပြောရခြင်းမှာလည်း အချို့က ထိုသို့သောသွန်သင်ချက်မျိုးကို မူစလင်တို့ ကိုရမ်၊ ဟိန္ဒူတို့၏ ဝေဒကျမ်းများ၌လည်းအလားတူ သွန်သင်ထားသည်ဟူ၍ ဆိုကြပါသည်။ ဆိုလိုရင်းမှာ နှုတ်ကပတ် တော်သမ္မာကျမ်းစာနည်းတူ ကိုရမ်နှင့် ဝေဒကျမ်းတို့သည်လည်းတူညီကြပြီး အချို့သောအပေါ်ယံသဘောသာ မတူညီကြခြင်းဖြစ်သည်ဟူ၍ ထင်ကြေးပေးကြပါသည်။ ဘုရားအဖြစ်တော်နှင့် ဂုဏ်တော်ကိုပဲ ကျွန်ုပ်တို့သုံးသပ်မှုပြုနိုင်ပါသည်။ နှုတ်ကပတ်တော်ကျမ်းစာက ယေရှုသည် သုံးပါးတစ်ဆူအဖြစ်တော်၌ ဒုတိယပုဂ္ဂိုလ်အဖြစ်ရှိကြောင်း အတိအလင်းဆိုထားပါသည် (မာ၊ ၁၂:၂၉၊ ယော၊ ၄:၂၄၊ ၅:၁၈-၁၉)။ ကိုရမ်ကျမ်းစာ၌ မိုဟာမက်သည် ဘုရားသခင်သည် သုံးပါးတစ်ဆူမဟုတ်ဟု သွန်သင်ထားသည်။ ဟိန္ဒူတို့၏ ဝေဒကျမ်း၌ ဘုရားများစွာရှိပါသည်။ အထူးသဖြင့်မြန်မာစကားတွင်ပါရှိသော ဂင်္ဂါဝါဠုသဲစုမကဟူသော စကားအတိုင်းဘုရားပေါင်းမရေမတွက်နိုင်အောင်များလှသည်ကို သူတို့ကျမ်းများ၌ ဖေါ်ပြထားပါသည်။ ထိုသို့ဆိုလျင် မတူကွဲပြားသောအတွင်းသဏ္ဌာန်များကို ကျွန်ုပ်တို့မြင်နိုင်ကြပြီဖြစ်ပါလိမ့်မည်။ မူစလင် နှင့် ဟိန္ဒူတွင် […]