လူသား

၁။ မေတ္တာရှင်ဘုရားနှင့် လူသား။

အပါယ်ငရဲဟူသည် တကယ်ရှိသလားမေးလျင် ရှိပါသည်ဟုသာ ဖြေရမည်ဖြစ်ပြီး၊ အပါယ်ငရဲအား လူသားအတွက် ဖန်ဆင်းခဲ့ပါသလားဟုမေးလျင်ကား မဖန်ဆင်းပါဟုသာ ဖြေဆိုရပေမည်။

နှုတ်ကပတ်တော်တစ်လျောက်လုံးကို ကြည့်ရှုလေ့လာရာ၌ ငရဲသည် လူသားများအတွက် ဖန်ဆင်းခဲ့ကြောင့်နှင့် ဖန်ဆန်းတော်မူကြောင်း လုံးဝတွေ့ရမည်မဟုတ်ပါ။

အကြောင်းမှာ ဘုရားသခင်သည် လောကီသားတို့အား အပါယ်ငရဲကျရောက်ရန် မဆိုထားဘိ ပျက်စီးဆုံးရှုံးမှာကိုပင် အလိုတော်မရှိသောဘုရား ဖြစ်တော်မူကြောင်း (ယော၊ ၃း၁၆၊ ၁ တိ၊ ၂း၄၊ ၂ ပေ၊ ၃း၉) တွေ့မြင်ရပေမည်။

“လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့ တွင်အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏” (၂ ပေ၊ ၃း၉)။

၂။ ငရဲဟူသော ဘုံဌာန။

ငရဲဟူသည် အစစ်အမှန် ဒုက္ခဘုံဖြစ်ပြီး၊ လူသားများအဖို့ ဖန်ဆင်းထားခြင်းမဟုတ်ကြောင်း အောက်ပါအတိုင်းတွေ့ရသည်။

“ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့” (မ၊ ၂၅း၄၁)ဟူ၍တွေ့ရပြီး….

© မာရ်နတ်။

© သူ၏တမန်တို့အဖို့ဟုဆိုထားသည်။

ထို့ကြောင့် စာတန်မာရ်နတ်နောက်လိုက်သောသူ မည်သူမဆို ငရဲဘုံနန်းသည် ဆက်နွယ်သက်ဆိုင်နေပါမည် (မ၊ ၁၈း၉၊ ၂၅း၄၁)။

ငရဲ၏ မူရင်းစကားတို့မှာ ဟေဗြဲလို Sheol ဖြစ်ပြ်ိး၊ ဂရိအားဖြင့် Hades ဟူ၍အပြန်အလှန်သုံးထားသည်။ သို့သော် Hades/Sheol ဟူသည် လူသေတို့ဝိညာဉ်များလားရာ/သွားရာနေရာအဖြစ် ရိုးရှင်းစွာမြင်တွေ့လေ့ လာနိုင်သည် (က၊ ၃၇း၃၅)။

Hades/Sheol ဟူသောအရပ်သည် ညှင်းပန်းနှိပ်စက်၊ ဒုက္ခခံရာအရပ်ဟူ၍ ယေဘူယျအားဖြင့် မဆိုနိုင်ပါ။ အကြောင်းမှာ ဘုရားကိုမယုံကြည်သူများသးလားရာ / သွားရာအရပ်ဖြစ်သလို ဘုရားကိုချစ်သော ဘုရားလူများသွားရာ / လားရာအရပ်လည်းဖြစ်နေပါသည်။

ဓမ္မသစ်ကျမ်းတွင် ထိုအရပ်အား “အကန့်များ၊ ပိုင်ခြားထားကြောင်း” တွေ့ရပြီး၊ ထိုအရပ်ဌာနမှာ နှစ်ပိုင်းခြားထား၍ လွတ်ငြိမ်းအေးချမ်းရာဌာနဖြစ်သလို၊ ငိုကြွေးခြင်း အံသွားခဲကြိတ်ရာဘုံဌာနအဖြစ်လည်း ဖော်ပြထားသည်ကိုတွေ့ရပါသည် (လု၊ ၁၆း၁၉-၃၁)။

အပါယ်ငရဲနှင့်စပ်ဆိုင်သော အခြားစကားလုံးမှာ ဂေဟန္နာ = Gehenna နှင့် Lake of Fire = မီးအိုင် ဟူသောစကားလုံးတို့လည်းရှိပါသေးသည်။ ထိုကြောင့် အပါယ်ငရဲဟူသည် ကယ်ချွတ်ခြင်းမခံရသောသူတို့၏ ထာဝရဒုက္ခဘုံနန်းအဖြစ် အထင်အရှားမြင်တွေ့နိုင်ပါသည် (ဗျာ၊ ၉း၁၊ ၂၀း၁၅၊ မ၊ ၂၃း၃၃)။

၃။ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်သောအရာမရှိ။

ခပ်သိမ်းသောအရာတို့၏ ဖြစ်ခဲ့ခြင်း၊ ဖြစ်နေခြင်းနှင့် ဖြစ်လာဥိးမည့်အရာတို့နှင့် အပါယ်ငရဲတို့သည်လည်း ဘုရားသခင့်လက်တော်နှင့် ကင်းလွတ်ခြင်းဟူ၍မရှိပါ။

“အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၄င်း၊ ထိုသခင်အဘို့ အလိုငှါ၄င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏” (ကော၊ ၁း၁၆)။

ထို့အတူ …

“နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ” (ယော၊ ၁း၃)ဟုဖော်ပြထားပါသည်။

ထို့ကြောင့် ရူပ၊ အရူပဟူသော သက်ရှိသူအပေါင်းတို့ကို စီရင်ပိုင်ခွင့်သည် ဘုရားသခင်တစ်ပါးတည်းသာရှိပါသည် (လု၊ ၁၂း၅)။ ထိုသေခြင်းနှင့် ရှင်ခြင်းတည်းဟူသော မရဏာနှင့် မရဏနိုင်ငံတို့ကို အုပ်စိုးခြင်းအခွင့်တန်ခိုးကို ခရစ်တော်ဘုရား ပိုင်သထားလျက်ရှိပါသည် (ဗျာ၊ ၁း၁၈)။

၄။ မှန်ကန်သော ရွေးချယ်မှုအခွင့်မင်္ဂလာ။

ထို့ကြောင့် အပါယ်ငရဲဟူသည် တကယ်ရှိသလားမေးလျင် ရှိပါသည်ဟုသာ ဖြေရမည်ဖြစ်ပြီး၊ အပါယ်ငရဲအား လူသားအတွက် ဖန်ဆင်းခဲ့ပါသလားဟုမေးလျင်ကား မဖန်ဆင်းပါဟုသာ ဖြေဆိုရပေမည်။

ခရစ်တော်ဘုရားက “မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီး” (မ၊ ၂၅း၄၁)ဟုသာဖြေဆိုထားပါသည်။

ထိုအပါယ်ငရဲသည် အပြစ်စီရင်ခြင်းခံရာ ဌာနေနန်းဖြစ်သည်။ ထိုအရပ်သည်ကား ဘုရားကိုငြင်းပယ်သူများ၊ ဆန့်ကျင်သူများအဖို့စီရင်ရာ အရပ်ဘုံဌာနပင်ဖြစ်ပေသည် (၂ ပေ၊ ၂း၄-၉)။

သို့တိုင်အောင် ထိုအပါယ်ငရဲဟူသော ထာဝရစီရင်ခြင်းမှ လွတ်ရာလမ်း၊ အကျွတ်တရားလမ်းတည်းဟူသော ဝမ်းမြောက်ဖွယ်လမ်းကို ခရစ်တော် အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးခဲ့ပြီးဖြစ်ပါသည်။

ထိုအတွက် သင်နှင့်ကျွန်ုပ်ကိုယ် အခွင့်အလမ်းမင်္ဂလာများစွာ ပေးအပ်ခဲ့သည့်အထဲတွင် ထိုကယ်တင်ခြင်းလည်း တစ်ပါးအပါအဝင်ဖြစ်သည်။

“ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏ စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏” (၂ ကော၊ ၆း၂)။

ထိုကယ်တင်ရာလမ်းကို ယခုပင်လက်ခံလျက် ယခုဘဝနှင့် နောင်ဘဝဟူ သောနှစ်သွယ်သောသုခချမ်းသာကို ပိုင်ဆိုင်နိုင်ကြပါစေ (ယော၊ ၃း၁၆၊ ၃၆၊ ၅း၂၄)။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

ကယ်တင်ခြင်းစိတ်ချမှု

ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ် သက်ဝင်ယုံကြည်သည်နှင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်အနွယ်တော်ဝင် အိမ်တော်သားဖြစ်ခွင့်မှာ ထာဝရဖြစ်သည် (ရော၊ ၈:၂၈-၃၀)။ ဘုရားသားသမီးများ ဖြစ်သောကျွန်ုပ်တို့သည် မည်သို့သောဖြစ်တည်မှုပင်ရှိပါစေ ထာဝရအိမ်တော်သားအဖြစ် စိတ်ချလုံခြုံမှုရှိနေပါ သည်။  ထိုသို့ဆိုခြင်းဖြင့် ခရစ်ယာန်တို့သည် လုံးဝအမှားအယွင်းများမပြုနိုင်တော့ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ မှန်ပါသည် မစုံလင်သောလောကတွင် ခရစ်ယာန်တို့သည် အမှားကိုကျူးလွန်မိသည့်တိုင် ထိုသို့သောဘဝလမ်း စဉ်တို့၌ နောင်တမရလျင် ဘုရားသခင်သည် မိဘဖြစ်သည့်အတိုင်း ဆုံးမသွန်သင်မှုကိုပြု၍ နောင်တလမ်းသို့ပို့ ဆောင်ပေးတော်မူပါလိမ့်မည် (ဟေဗြဲ၊ ၁၂:၄-၁၁)။ ခရစ်ယာန်တို့အနေဖြင့် ဘုရားသခင့်အထံတော်မှ သာမန်ဆုံး မခြင်းကို နားထောင်ခြင်းမရှိပါလျင် ကြီးစွာသောဆုံးမခြင်းကို အမှန်ပင်ခံယူကြရမည်မှာ မည်သို့မှရှောင်လွဲမရ နိုင်သော မိဘနှင့်သားသမီးများအကြားရှိ နိယာမတစ်ခုပင်ဖြစ်သည်။ ဧဖက်၊ ၄:၃၀ ၌ ကျွန်ုပ်တို့အားလုံးသည် ရွေးနှုတ်ခြင်းနေ့ရက်တိုင် တံဆိပ်ရိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြောင်းဆိုထားပါသည်။ ထိုတံဆိပ်ရိုက်ခြင်းဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့ကို […]