၁။ ကျမ်းစာရှုထောင့်များ။နှုတ်ကပတ်တော်တွင် “တရားဝင်ထိမ်းမြားခြင်း” နှင့်စပ်လျှဉ်း၍ တိတိကျကျပြဆိုထားသောအရာဟူ၍ မရှိပါ။ သို့ သော်လည်း ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီး ဖေါ်ပြထားချက်ကို ရှုထောင့်သုံးမျိုးဖြင့် ကျွန်ုပ်တို့တွေ့နိုင်သည်။ ထို့ကြောင့် ထိုရှုထောင့်သုံးခု၏ အားသာချက်နှင့် အားနည်းချက်များကို အပြန်အလှန်ကြည့်၍ ဆောင်ရန်/ရှောင် ရန်များကိုလေ့လာနိုင်ပါသည်။
(၁) တရားဝင်ထိမ်းမြားခြင်း။
နှုတ်ကပတ်တော်သည် လူနှစ်ဦးသည်တရားဝင်ထိမ်းမြားလက်ထပ်ခြင်းကို အိမ်ထောင်အဖြစ် ဘုရား သခင်မှရှုမြင် ထားသည်။ အထူးသဖြင့် နှုတ်ကပတ်တော်နှင့်အညီ အစိုးရသတ်မှတ်ထားသောလမ်းစဉ်အတိုင်း ထိမ်းမြားခြင်း ကိုကြည့်လျင် ရော၊ ၁၃:၁-၇၊ ၂ ပေ၊ ၂:၁၇ တို့တွင်ဥပဒေနှင့်အညီဆိုသောစကားကို တွေ့ရပါမည်။
ထို့အတွက်စောဒကတက်စရာမှာ “ထိမ်းမြားခြင်း” ဟူ၍မသတ်မှတ်မှီ တရားဝင် “စာချုပ်စာတမ်း” ပြည့်စုံစေရန် တောင်းဆိုမှုကိစ္စဖြစ်သည်။ နှုတ်ကပတ်တော်တွင်ကြည့်လျင် ဘုရားသခင့်အလိုတော်နှင့် မဆန့်ကျင်သ၍ အစိုးရ မင်းများ၏တောင်းဆိုမှုကို နာခံလျက်ဖြည့်ဆည်းကြရပါမည်။ ရောမ၊ ၁၃:၁-၂ ကိုကြည့်လျင် “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်း အာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာ ကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်” ဟူ၍တွေ့ရပါသည်။
ထိုအမြင်ရှုထောင့်၏ အားနည်းချက်အချို့လည်းရှိပြန်ပါသည်။၎င်းတို့မှာ
- ပထမအနေဖြင့် “တရားဝင်စာချုပ်စာတမ်း” မရှိပဲထိမ်းမြားခဲ့ မှုများစွာကျင့်သုံးခဲ့ကြပါသည်။ နှစ်ထောင်ပေါင်း များစွာက ထိမ်းများမှုအတွက် အစိုးရမှ တရားဝင်လိုင်စင်များမရှိ ခဲ့ကြသေးပါ။
- ဒုတိယအနေဖြင့် အချို့သော တိုင်းနိုင်ငံများတွင်ပင်လျင် “တရားဝင်ထိမ်းမြားခြင်း” ဟူသောကျင့်ထုံး များမရှိ သေးသောနိုင်ငံများရှိနေပါသည်။
- တတိယအနေဖြင့် အချို့သောအစိုးရမင်းများက နှုတ်ကပတ်တော်နှင့်မညီသောကျင့်ထုံးနှင့် တောင်းဆိုမှုများကို သတ်မှတ်ထားသောတိုင်းနိုင်ငံများလည်းရှိပါသည်။ ဥပမာအချို့သော တိုင်းပြည်များတွင် ရိုမန်ကာသိုလ်လိပ် ဘုရားကျောင်းတွင်သာလျင် ကာသိုလ်လိပ်ဘုန်းတော်ကြီး၏ ထိမ်းမြားပေးခြင်းမှသာလျင်ဟူသော ကျင့်ထုံးများရှိ နေပါသည်။ ထိုသို့ဆိုလျင် နှုတ်ကပတ်တော်နှင့်အညီဟူ၍ မည်သို့ဆိုနိုင်ပါမည်နည်း။ ကာသိုလ်လိပ်လမ်းစဉ်ကို သဘောမတူသူတစ်ဦးအနေဖြင့် ထိုကာသိုလ်လိပ်ဝတ်ကျောင်းမှသာလျင် “တင့်တယ်သောမင်္ဂလာ” ဟုသတ်မှတ် ထားလျင်အဆင်ပြေနိုင်စရာမရှိပါ။
(၂) အသရေရှိသော ထိမ်းမြားခြင်း။
လူကြီးစုံရာနှင့်အညီ တင့်တယ်လျောက်ပတ်စွာ မင်္ဂလာအခမ်းအနားဖြင့်ပြုခြင်းဖြင့် ဘုရားသခင့်ရှေ့တော်၌ အသရေရှိသောအိမ်ထောင်ဖြစ်စေခြင်း။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံစသည်တို့ဖြင့် ထိမ်းမြားလက် ထပ်ခြင်းနှင့် အလားတူပါလိမ့်မည်။ အချို့ဓလေ့များတွင် မိဘဖြစ်သူမှ သမီးအား အခမ်းအနားတွင် ပေးအပ်ခြင်း မျိုးဖြစ်သည်။ နှုတ်ကပတ်တော်၌ ကြည့်လျင် ဘုရားသခင်သည် ဧဝလားယူဆောင်လာလျက် အာဒံထံသို့ ပေးအပ်ခဲ့ခြင်းမှာ ပထမဦးဆုံးသော ထိမ်းမြားခြင်းဟူ၍ဆိုရပေမည် (က၊ ၂:၂၂)။
ရှင်ယောဟန်၊ ၂ ကိုကြည့်လျင် ခရစ်တော်သည်လည်း ထိမ်းမြားခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အကယ်၍ ခရစ်တော်ဘုရားသည် ထိုမင်္ဂလာပွဲအသရေရှိခြင်းမျိုးမဟုတ်ခဲ့လျင် တက်ရောက်အားပေး၊ ထောက်ခံ မှုကိုပြုခဲ့မည်မဟုတ်ပါ။
ခရစ်တော်ကိုယ်တော်တိုင် တက်ရောက်ခဲ့သောကြောင့် “ထိမ်းမြားခြင်း” သည်ပွဲသဘင် အခမ်းအနားများဖြင့်သာ ပြုရမည်ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ ဘုရားသခင်ရှေ့တော်တွင် တင့်တယ်သောအသရေအဖြစ် လက်ခံဖွယ်ဖြစ် ခြင်းကသာလျင် အဓိဖြစ်ပါသည်။
အသင်းတော်တိုင်းလိုလိုပင်လျင် သမိုင်းကြောင်းကိုကြည့်လျင် ထိုနည်းလမ်းဖြင့်သာလျင် ထိမ်းမြားမှုကို ပြုကြ ကြောင်းမြင်တွေ့နိုင်ပါသည်။ တိုင်းနိုင်ငံ၊ လူမျိုးတိုင်းနှင့် ယဉ်ကျေးမှုတိုင်းတွင် “ထိမ်းမြားခြင်း” ကို တရားဝင်၊ လူရာဝင်၊ ဘာသာဝင်တို့ဖြင့် အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားမှုကို တင့်တယ်ခြင်းဟူ၍ သတ်မှတ်ကျင့် သုံးကြပါသည်။
(၃) သန့်ရှင်းသော ထိမ်းမြားမင်္ဂလာ။
ဘုရားသခင့်ရှေ့တော်တွင် တရားဝင်၊ ဘာသာဝင်၊ လူရာဝင်ဖြင့် ထိမ်းမြားပြီးနောက်တွင် “သံဝါသပြုခြင်း” ကို သန့်ရှင်းသောမင်္ဂလာဟူ၍ နှုတ်ကပတ်တော်တွင်ဆိုထားပါသည်။
အကယ်၍ ထိမ်းမြားခြင်းမတိုင်မှီ “လွန်ကျူးခြင်း” ရှိခဲ့လျင် စောဒကတက်စရာရှိလာပါသည်။ နှုတ်က ပတ်တော်မှာ ကားထိမ်းမြားခြင်းမတိုင်မှီ “လွန်ကျူခြင်း” အား ကာမေသုအဖြစ်သတ်မှတ်ထားပါသည်။ ထိုသို့သတ်မှတ်ရခြင်း မှာနှုတ်ကပတ်တော်က “ဇနီးမောင်နှံ” အားတစ်သားတစ်ကိုယ်တည်းအဖြစ်သတ်မှတ်ခြင်းကို “ထိမ်းမြားခြင်း” ဖြင့် ဆိုထားပါသည် (က၊ ၂:၂၄၊ မ၊ ၁၉:၅၊ ဧဖက်၊ ၅:၃၁)။
ထိုရှုထောင့်အရ “သံဝါသ” ဟူသည် “ထိမ်းမြားခြင်း”၏ နောက်ဆုံးအဆင့်တံဆိပ်ခတ်နှိပ်ခြင်းဟူ၍ ဆိုနိုင်ပါသည်။ သို့သော်လည်း လူနှစ်ဦးသည် ထိမ်းမြားခြင်းပြုပြီး၍ “သံဝါသ” ကိုအကြောင်းအမျိုးမျိုးဖြင့် အထမမြောက်ခဲ့သော် လည်း ထိုသူနှစ်ဦးသည် တရားဥပဒေအရ “ထိမ်းမြားပြီး” ဇနီးမောင်နှံအဖြစ်သာလျင် သတ်မှတ်လျက်ရှိပါသည်။
၂။ မင်္ဂလာရှိသော အိမ်ထောင်။
“သံဝါသ” ပြုပြီးစုံတွဲများအဖို့ “Holy Matrimony” ဟူသော သန့်ရှင်းသောထိမ်းမြားမင်္ဂလာဟူသည် နှုတ်ကပတ်တော်အရမရှိနိုင်ပါ။ အကြောင်းမူကား “ထိမ်းမြားခြင်းတွင်” အပြန်အလှန် ကတိကဝတ်များတည်းဟူသော “ပဋိညာဉ်” ကိုတည်ဆောက်ပြီးမှသာလျင် သန့်ရှင်းသောမင်္ဂလာကိုယူခြင်းမဟုတ်ပါလား။
နှုတ်ကပတ်တော်၌ကြည့်လျင် “မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့” (၁ ကော၊ ၇:၂) ထိမ်းမြားခြင်းမတိုင်မှီ “သံဝါသ ပြုခြင်း” ကို မတရား သောမေထုန်အဖြစ်ဆိုထားပါသည်။
ထိုသို့ဆိုလျင် နှုတ်ကပတ်တော်နှင့်အညီ ဘုရားသခင့်ရှေ့တော်၌ မည်သို့ “ထိမ်းမြား” ရမည်နည်း။ ထိုသို့ထိမ်းမြား လိုသူများအဖို့ အောက်ပါကောက်နှုတ်ချက်များသည် နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့ကျင့်သုံးနိုင်သော လမ်း စဉ်များပင်ဖြစ်ပါသည်။
- နှုတ်ကပတ်တော်နှင့်ညီသော ဥပဒေဖြင့်တရားဝင်ထိမ်းမြားခြင်း။
- ဓလေ့ထုံးစံနှင့်အညီ အသရေရှိသောထိမ်းမြားခြင်း။
- စင်ကြယ်သော အသက်တာဖြင့် ထိမ်းမြားခြင်းတို့ဖြစ်ပါသည်။
အကယ်၍ အထက်ပါနည်းလမ်းများဖြင့် မရှိခဲ့လျင် မည်သို့ပြုမည်နည်း။ ထိုသို့သောအိမ်ထောင်များအတွက် ဘုရားသခင့်ရှေ့တော်တွင် “ထိမ်းမြားမှု” အထမြောက်ပါရဲ့လား။ ထို့အတွက် ဘုရားသခင်နှင့် သူတို့အိမ်ထောင် အတွင်းရှိ ဩတ္တပ္ပစိတ်ကစကားပြောသွားပါလိမ့်မည် (၁ ယော၊ ၃:၂၀)။
နှုတ်ကပတ်တော်နှင့်ညီသော တရားဝင်ထိမ်းမြားခြင်းနှင့် ကာမအမှုအတွက်သာလျင်ပြုသော ထိမ်းမြားခြင်းကို ဘုရားသခင်သာလျင် အသိဆုံးဖြစ်ပါသည်။ “ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသ ပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်” (ဟေဗြဲ၊ ၁၃:၄)။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
Toggle Content