သင်းဝင်သူတန်ဖိုး

သင်းဝင်သူတန်ဖိုး

နိဒါန်း။

“သင်းဝင်သူမိသားစု” များအဖို့ ခရစ်တော်၌ယုံကြည်သူများအချင်းချင်း မိသားစုဝင်ဖြစ်ရခြင်းမှာ မည်မျှအဖိုးကြီးလှ ပါသနည်း။ တမန်၊ ၂:၄၂ တွင်ကြည့်လျင် ကနဦးအသင်းတော်ရှိ မိသားစုဝင်များ မည်သို့ဆောင်ရွက်ခဲ့ကြသည်ကို ကျွန်ုပ်တို့မြင်တွေ့သင် ယူနိုင်ပါသည်။ “ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်း အသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏”။

အသင်းဝင်သူများ မိသားစုကဲ့သို့ဖြစ်ခြင်း အရေးကြီးမှုကို အောက်ပါအကြောင်း တရားများအားဖြင့် ကျွန်ုပ်တို့ ချီးမွမ်းလျက် ဝမ်းမြောက်ဝမ်းသာစွာ ကျင့်သုံးရန်လိုအပ်ပါ သည်။

 

၁။ နှုတ်ကပတ်တော်အတူလေ့လာခြင်း။

သင်းဝင်သူမိသားစုတို့သည် အတူတကွ ကျမ်းစာသင်ကြားခြင်းနှင့် လေ့လာမှုများကို အတူတကွပြုမူဆောင်ရွက် နိုင်ပါသည်။ ထိုသို့ဖြင့် အစုလိုက်၊ အပတ်စဉ်၊ ကျမ်းစားသင်ကြားခြင်း တို့သာမက တနင်္ဂနွေတရားဟောချက်များ ကိုအတူတကွပြန်လည်ဆွေးနွေးခြင်းများ အစရှိသဖြင့် နှုတ်ကပတ်တော်ကို နက်နဲစွာဖြင့် လေ့လာဆည်းပူးမှုများ ပြုလျက် အတူတကွတည်ဆောက်မှုပြနိုင်ပါသည်။

သင်းဝင်သူ မိသားစုတိုင်းကို ဘုရားသခင်ခေါ်ခြင်းမှာ အတူတကွကြီးရင့်ခြင်း၌ ဘုန်းတော်ထင်ရှားစေရန်သာဖြစ် ပါသည်။ ထို့အတွက်ကြောင့်လည်း တစ်ဦးနှင့်တစ်ဦးတည်ဆောက်ခြင်း၊ ရေလောင်းပေါင်းသင်ပေးခြင်း၊ ပြုစုခြင်း စသောအမှုများကို အတူတကွပြုမူလျက် သာသနာကို တည်ဆောက်နိုင်ကြပါလိမ့်မည်။

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင် သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏” (၂ တိ၊ ၃:၁၆-၁၇)။

 

၂။ အတူတကွကိုးကွယ်မှုပြုခြင်း။

ယုံကြည်သူများအတူတကွ စုရုံးလျက် ချီးမွမ်းကိုးကွယ်ခြင်းသည် အသက်တာအသီးသီးကို တည်ဆောက်မှုပြု သည်သာမက ဘုရားသခင့်အမှုတော်များကို ထင်ရှားစေ၍ ဘုန်းတော်ထင်ရှားစေခြင်းလည်းဖြစ်ပါသည်။

ထိုသို့ အတူတကွ ကိုးကွယ်မှုပြုခြင်းဆိုရာတွင် “ချီးမွမ်းခြင်း”၊ “ကိုးကွယ်ခြင်း”၊ “သက်သေခံခြင်း”၊ “နိုးဆော်တိုက်တွန်းမှု ပြုခြင်း” နှင့် “အစေခံခြင်းများ” အားလုံးတို့လည်း အပါအဝင်ဖြစ်ပါသည်။ ထို့အတွက်ကြောင့်လည်း ဆာလံ၊ ၃၄:၃ တွင် အောက်ပါအတိုင်းဆိုထားပါသည်။

“ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့” (ဆာလံ၊ ၃၄:၃)။

 

၃။ တာဝန်ကိုယ်စီ ဆက်ကပ်အစေခံခြင်း။

အသင်းတော်တွင်းဝယ်အားလုံးအတွက် ကိုယ်စီကိုယ်ငှ တာဝန်အသီးသီးကို ဆက်ကပ်အစေခံရန် ဆုကျေးဇူး အသီးသီးကိုလည်းဘုရားသခင်ပေးထားပါသည်။

သင်းဝင်သူမိသားစုချင်း တစ်စုံတစ်ဦးလမ်းလွဲနေလျင် “ဆုံးမ သွန်သင်ခြင်း”၊ “ဖေးမကူညီခြင်း”၊ “ထူမလျက်လက်တွဲပေးခြင်း” စသောအမှုများကို ပြုလျက် တစ်ဦးနှင့်တစ်ဦး အစေခံလျက် တည်ဆောက်မှုကိုပြုနိုင်ပါသည်။ ထို့အတွက်ကြောင့်လည်း သုတ္တံ၊ ၂၇:၁၇ တွင် အောက်ပါအတိုင်း ဆိုထားခြင်းဖြစ်ပါသည်။

“သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏” (သုတ္တံ၊ ၂၇:၁၇)။

တာဝန်ကိုယ်စီဖြင့် ဘုရားသခင်မှ ခန့်ထားခြင်းဖြစ်သောကြောင့်အားလုံးအတူ တကွ …

(၁) ဆုတောင်းခြင်း။

(၂) ဖေးမခြင်း။

(၃) တွဲခေါ်ခြင်း။

(၄) တည်ဆောက်ခြင်း။

စသည့်အမှုများကို သင်းဝင်သူမိသားစုအချင်းချင်းအကြား ဆက်ကပ်အမှုတော်ဆောင်ရန် ဘုရားသခင်သည် သင့်အားအလိုတော်ရှိပါသည်။

 

၄။ ဒုက္ခရောက်ချိန် ကူညီမစခြင်း။

လောကဓံတရားတည်းဟူသော အခက်အခဲ၊ မှုန်တိုင်းများကြုံလာချိန်တွင် ကူညီမစမှုကို လူတိုင်းလိုအပ်ကြသည်။ ကျွန်ုပ်တို့အခက်အခဲများကြုံဆုံနေရချိန်တွင် ခရစ်တော်၌ရှိသော ညီအစ်ကိုမောင်နှစ်မများမှ ကျွန်ုပ်တို့အား ဆုတောင်းခြင်း၊ အားပေးစကားဆိုခြင်း၊ ဖေးမလက်တွဲကူညီခြင်းများကို ကျွန်ုပ်တို့ လိုလားကြသည်မဟုတ်လား။

အထူးသဖြင့် မိသားစုအခက်ကြုံချိန်များတွင် အိမ်တွင်းလာရောက် ကြည့်ရှုပေးခြင်း၊ ချက်ပြုတ်ကူညီပေးခြင်း၊ ကလေးဝိုင်းထိန်းပေးခြင်း၊ ဆေးပေးခန်းအတူသွားခြင်းစသောအမှုများတို့သည် အပန်းမကြီး၊ ငွေကြေးမကုန်ကျ သော်လည်း သင်းဝင်သူမိသားစုဆိုသည့်စိတ်ဖြင့် ကူညီဖေးမမှုများကို ကျွန်ုပ်တို့အားလုံး အမှန်လိုအပ်သော အမှု များပင် မဟုတ်ပါလား။

“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့” (ဂလာ၊ ၆:၂)။

 

၅။ အစေခံရန် အခွင့်အလမ်းများရရှိခြင်း။

အသင်းတော်အားဖြင့် “ဖေးမကူညီမှုကို လက်ခံရရှိခြင်း”သာမက တစ်ပါးသူများဖြစ်သော သင်းဝင်သူညီအစ်ကို မိသားစုများကို ပြန်လည်၍ အစေခံရန် အခွင့်အလမ်းများကိုလည်းရရှိစေပါသည်။ ဘုရားသခင်မှ သင့်အား အသင်းတော်သို့ပို့ဆောင်ပေးခြင်းသည် “ရယူသူ” သက်သက်အဖြစ်သာမက ထိုသို့အစေခံ၍ မင်္ဂလာရှိသူ (သို့) မင်္ဂလာရှိစေသူဖြစ်ရန် အလိုတော်ရှိပါသည်။

သင်းဝင်သူမိသားစုချင်း အတူတကွမိတ်သဟာယဖွဲ့ခြင်းဖြင့် မည်သူသည် အကူအညီလိုအပ်နေသည်၊ မည်သူမှ အားပေးရန်လိုအပ်နေသည်၊ မည်သူကတော့ဖြင့် တွဲခေါ်ရန်လိုအပ်နေသည်ကို သိမြင်နိုင်ပါသည်။

ထို့အတူ ဆုတောင်းပေးခြင်း၊ ပံ့ပိုးကူညီပေးခြင်း၊ လမ်းပြခြင်းစသောကူညီမှုများတည်းဟူသော အခွင့်အလမ်းများကို သင်း ဝင်သူမိသားစုချင်းသာလျင် ရရှိနိုင်သော မဟာအခွင့်အရေးများပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဧဖက်၊ ၆:၇ တွင် အောက်ပါအတိုင်း ဆိုထားခြင်းဖြစ်သည်။

“လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့” (ဧဖက်၊ ၆:၇)။

 

၆။ တပည့်တော်များ မွေးထုတ်ခြင်း။

ကျွန်ုပ်တို့သည် အစဉ်အမြဲ သူတစ်ပါး၏ ကျွေးမွေးပြုစုခြင်းကိုသာ အမြဲခံယူနေကြရန်မဟုတ်မူဘဲ၊ အခြားသူများ ကိုလည်းတစ်ဖန် ကျွေးမွေးပြုစုပေးသူများဖြစ်ရန် လိုအပ်ပါသည်။

ထို့ကြောင့်လည်း ဟေဗြဲ၊ ၅:၁၂ တွင် “သင်တို့ သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ၏”ဟုဆိုလျက် သတိပေးထားခြင်းဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့၏ ခရစ်ယာန်အသက်တာသည်….

(၁) မွေးကင်းစ။

(၂) သူငယ်။

(၃) လူငယ်။

(၄) ကြီးရင့်သူ။

အစရှိသဖြင့် အစဉ်အတိုင်း ကြီးရင့်လာသူဖြစ်ရပေမည်။ တနည်းအားဖြင့် နှုတ်ကပတ်တော်ကို အမြဲ သင်းအုပ် ဆရာပေးကျွေးမှ စားသောက်မှီဝဲတတ်သူမဟုတ်၊ အမြဲချော့မော့ခြင်းကိုသာခံယူတတ်သူမဟုတ်၊ အမြဲစိတ် ကောက်လျက် ခရစ်ယာန်သူငယ်နပ်စားမဟုတ်တော့ဘဲ ကြီးရင့်လျက် အသင်းတော်တွင်းရှိ အခြားယုံကြည်သူ များကိုပြုစုပျိုးထောင်ပေးသူ၊ ပံ့ပိုးပေးသူ။ ဦးဆောင်မှုပြုသူများဖြစ်လာရန် လိုအပ်ပါသည်။

ထို့အတွက်ကြောင့်လည်း ခရစ်တော်ဘုရားက “ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင် ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏” (မ၊ ၂၈:၁၈-၂၀) ဟုမိန့်တော်မူထားသော မဟာစေခိုင်းချက်ကို ဆောင်ရွက်နိုင်သူများဖြစ်ကြရန်မှာ သင်းဝင်သူမိသားစုများသာလျင် လုပ်ဆောင်နိုင်သောအမှုဖြစ်ပါသည်။

 

နိဂုံး။

ယနေ့ခေတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသော အဖက်ဖက်မှ တိုးတက်နေသောခေတ်ကာလကြီးတွင် ယုံကြည်သူတို့သည် နှုတ်ကပတ်တော်လာရှိသည့်အတိုင်း “သင်းဝင်သူမိသားစု” ဟူသော နှုတ်ကပတ်တော် သဘောထားအတိုင်း ကြီးထွားရင့်သန်ကြဖို့ အမှန်လိုအပ်နေပါသည်။

သင့်ဘဝအခက်အခဲနှင့် သင့်ဘဝ အနိမ့်အမြင့်များကြံဆုံရချိန်၌ ထို “သင်းဝင်သူမိသားစု” ရှိ ညီအစ်ကိုမောင်နှစ်မ များကသာလျင် သင့်အား ဖေးမလျက်၊ ကူညီလက်တွဲ ခေါ်ဆောင်ပေးကြပါလိမ့်မည်။ သင့်ဘဝယုံကြည်ခြင်း ခရီး လမ်းမှာ “သင်းဝင်သူမိသားစု” များမပါဘဲ လိုရာခရီးရောက်နိုင်မည်မဟုတ်ပါ။

ထို့အတူ ထို “သင်းဝင်သူမိသားစု” အားဖြင့်လည်း သင့်အတွက်အစေခံရန် အခွင့်အလမ်းများစွာကို ရရှိနိုင်ပါသည်။

ထို့ကြောင့် “လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့“ (ဟေဗြဲ၊ ၁၀:၂၅) ကိုမျက်မှောက်ပြုလျက် “မိသားစုဝင်” အဖြစ်ရပ်တည်သွားကြပါစို့။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

 

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

အသင်းသားတာဝန်များ

  အသင်းသားတာဝန် ၁။ အသင်းတော်အစီအစဉ်များဖြစ်သော ကျမ်းစာသင်ကြားခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် အခြား အသင်းတော်အစီအစဉ်များတွင် တက်ရောက်ပါဝင်ခြင်း။ ၂။ ဆယ်ဖို့တစ်ဘို့၊ အလှူဘဏ္ဍာငွေပေးလှူခြင်းနှင့် အသင်းတော်အမှုများတွင် ငွေအား၊ လူအားဖြင့်ပါဝင်ခြင်း။ ၃။ အသင်းတော်ရှိသမ္မာကျမ်းအခြေခံ အသင်းသားကျင့်ဝတ်များကို လိုက်နာခြင်း။ ၄။ အသင်းတော်ပဋိညာဉ်ဆယ်ပါးကို လိုက်နာခြင်း။ ၅။ အသင်းတော်၏ ယုံကြည်ချက်၊ မူဝါဒနှင့် လမ်းစဉ်များကိုလိုက်နာခြင်း။ ၆။ ဆုတောင်းအစီအစဉ်၊ အသင်းတော်ရှိ အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ ဓမ္မပညာစသောအမှုတော်ဌာန တစ်ခု ခုတွင် တက်ကြွစွာပါဝင်‌ဆောင်ရွက်ခြင်း။ ၇။ အသင်းသားတိုင်း အသင်းတော်၏ ဧဝံဂေလိ၊ အသင်းတော်တည်ဆောက်ခြင်းနှင့်  သာသနာမိတ်ဖက် လှုပ်ရှား မှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်း (သို့) အသင်းတော်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ၈။ အသင်းသားတိုင်း ညီညွတ်ရေးကိုရှေ့ရှုလျက် တစ်သီးတစ်ခြားမနေ အားလုံးပူးပေါင်းဆောင်ရွက်ခြင်း။ […]

ယုံကြည်သူနှင့် အတင်းအဖျင်း

၁။ အတင်းအဖျင်းဟူသည်။ “အတင်းအဖျင်းပြောသူ”ဟူသည် ဟေဗြဲလိုအားဖြင့် အောက်ပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ အတင်းအဖျင်းပြောသူဟူသည် တစ်စုံတစ်ဦး၏လျို့ဝှက်ချက်များအား ကာယကံရှင်မသိလေအောင် လှည့်လည် ပြောဆိုခြင်း (သို့) အပို၊ အလိုဖြင့်အမနာပပြောဆိုခြင်းဟုဆိုထားပါသည်။ အတင်းအဖျင်းပြောသူသည် တစ်နည်းအားဖြင့် လူတွေ၏သတင်းအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာများကို သိရှိရန်စုံစမ်းပြီး၊ အလုပ်အကိုင်မဟုတ် အကြောင်းရှာကာ အရပ်တကာလှည့်၍ မိမိနှင့်မဆိုင်သောအမှုကိစ္စများ အားပြောဆိုခြင်းဟူ၍ဆိုထားပါသည်။ ၂၊ အတင်းပြောခြင်းရည်ရွယ်ချက်။ အတင်းအဖျင်းပြောရာတွင် ရည်ရွယ်ချက်နှစ်ရပ်ရှိသည်။ (၁) အမွမ်းတင်ခြင်း။ အတင်းအဖျင်းပြောသူသည် အခြားသူများအကြောင်းကို မကောင်းပြောဆိုရင်း မိမိကိုယ်ကိုမိမိလူကောင်းတစ်ဦး (သို့) လူတော်တစ်ဦးအသွင်ရယူလိုသောကြောင့် အခြားသူများကို နှိပ့်ချပြီး မိမိဘဝကိုမြင့်မြတ်သူဖြစ်လိုသူများ ဖြစ်ကြသည်။ (၂) အများမကောင်းကြောင်းကိုသိစေလိုခြင်း။ အတင်းအဖျင်းပြောသူသည် တစ်ပါးသူ၏ အားနည်းချက်၊ ကျဆုံးခြင်း (သို့) အရှက်သိက္ခာကျရောက်စေရန် ရည် ရွယ်၍ ကာယကံရှင်မသိသောအကြောင်းအရာများကို လိုတိုး၊ ပိုလျော့၍ပြောဆိုခြင်း။ တစ်ပါးသူအား နာကျင်စေ မှုမရှိပါဟုဆိုသည့်တိုင် […]