ဘာကြောင့်အသင်းဝင်ရသလဲ

၁။ ကမ္ဘာလုံးဆိုင်ရာအသင်းတော်။

ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ဆိုသည်မှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်တည်းဟူသော ယုံကြည်သူအားလုံးကို ဆိုလိုပါသည် “ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌တကိုယ်တည်းဖြစ်၍၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ၏” (ရောမ၊ ၁၂:၅)။

ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ဆိုသည်မှာ ယုံကြည်သူတစ်ဦးချင်းနှင့်ဆက်နွယ်လျက်ရှိပါသည်။ ယုံကြည်သူတို့၏ အမည်များသည် အသက်စာစောင်စာရင်းတွင် ရေးသားမှတ်တမ်းဝင်သောသူများဖြစ်သည့် နည်းတူ အသင်းတော်တိုင်းတွင် “အသင်းဝင်” ဟူသောအကြောင်းအရာသည်လည်း လွန်စွာအရေးပါလှပါသည် (‌ဗျာ၊ ၂၀:၁၂)။

ထို့ကြောင့် ယုံကြည်သူဟုဆိုသူတိုင်း မိမိတို့နီးစပ်ရာအသင်းတော်များတွင် အမည်စာရင်းရှိရန်၊ ဆက်ကပ်ရန်၊ ထည့်သွင်းမှုပြုရန်အရေးပါလှပါသည်။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်ထားရှိသောအကြံအစည်တော်များကို မိမိ တို့အသက်တာ၌ ပြည့်စုံသောမင်္ဂလာတရားများစွာကို ခံစားရရှိနိုင်ပါသည်။

ထိုသို့မှသာလျင် အသင်းတော်အား ဖြင့် ဘုရားသခင်အားအစေခံခြင်း၊ အခြားသူများအားအစေခံခြင်းနှင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား အပြန် အလှန်မိတ်သဟာယကို တည်ဆောက်မှုပြုနိုင်ပါသည်။

၂။ နှုတ်ကပတ်တော်တွင် ထိုသို့ဖေါ်ပြထားပါသလား။

နှုတ်ကပတ်တော်တွင် “အသင်းသားဖြစ်ခြင်”ဟူသောအကြောင်းအရာကို တိုက်ရိုက်ပြဆိုထားခြင်းမရှိသော်လည်း ထိုသို့ဆိုနိုင်စရာအကြောင်းအရင်းများစွာရှိသည်ကို ကနဦးအသင်းတော်များအားဖြင့် အောက်ပါအတိုင်းမြင်တွေ့ နိုင်ပါသည်။

“ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏” (တမန်၊ ၂:၄၇)။

“ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြား သောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။ ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင် ရွက်၍နေကြ၏” (တမန်၊ ၂:၄၀-၄၂)။

ထို့ကြောင့် အထက်ပါကျမ်းပိုဒ်များကို ကြည့်ခြင်းအားဖြင့် “ကယ်တင်ခြင်းရရှိခြင်း” ဟူသည် မျက်မြင်မရသော ကမ္ဘာလုံးဆိုင်ရာအသင်းသားဖြစ်စေသည်သာမက မျက်မြင်ရသော ဒေသန္တရရှိအသင်းတော်၌ အသင်းသားအဖြစ် ပေါင်းစည်းစေခြင်းကို မြင်တွေ့နိုင်ပါသည်။

“သခင်ဘုရားသည် သင်းဝင်စေတော်မူ၏” (တမန်၊ ၂:၄၇)။

“ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏”(တမန်၊ ၂:၄၀-၄၂)။

ထိုသို့အရေအတွက်ကိုပင် ဖေါ်ပြထားသည်ကို ကြည့်လျင် ယုံကြည်သောသူတို့သည် မိမိတို့နီးစပ်ရာအသင်းတော် များတွင် အသင်းသားအဖြစ်ဆက်လက်ရှိနေပြီး၊ သခင်ဘုရားအလိုတော်နှင့်အညီ …

(၁) တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊

(၂) အပေါင်းအသင်းဖွဲ့ခြင်း၊

(၃) မုန့်ကိုဖဲ့ခြင်း၊

(၄) ပဌာနပြုခြင်းတို့ကို အမြဲဆောင် ရွက်၍နေကြ၏” (တမန်၊ ၂:၄၀-၄၂)။

ထို့ကြောင့် ယုံကြည်သူအစစ်အမှန်သည် ယုံကြည်သည့်နောက် ဘုရားသခင်ထားရှိသော အသင်းတော်အားဖြင့် သာသနာ့အစေခံလျက်ရှိခြင်း၊ မိမိအသက်တာကို မိမိတည်ဆောက်လျက်ရှိနေသူဖြစ်ကြောင်း မြင်တွေ့ရသည်။

ထို့ကြောင့်လည်း ယနေ့ခေတ်တွင် “အသင်းသားအဖြစ်လက်ခံခြင်း” မပြုမီ ကယ်တင်ခြင်းရသည်မရသည်ကို အသင်းတော်များမှ မေးမြန်းခြင်း၊ စစ်ဆေးမှုပြခြင်းသည် နှုတ်ကပတ်တော်နှင့်ညီသော စံဟုလည်းဆိုနိုင်ပါသည်။ ထိုဖြစ်စဉ်ကို အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည် (၂ ကော၊ ၅:၁၄-၁၈)။

၃။ အသင်းသားနှင့် သာသနာ။

ထို့အတူအခြားသော ဓမ္မသစ်ကျမ်းများတွင်လည်း ဒေသန္တရအသင်းတော်ဟူသည် ဘုရားသခင်၏ သားသမီးများ ဖြင့်စနစ်တကျဖွဲ့စည်းထားကြောင်းကို မြင်တွေ့ရသည်။ ထိုဖြစ်စဉ်များကို တမန်၊ ၆:၃ တွင် အောက်ပါအတိုင်းပင် မြင်တွေ့ရသည်။

“ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်”။ ထိုသို့ခန့် အပ်ခြင်းကိုခံထားရသူတို့သည် တနည်းအားဖြင့် ရိုးရှင်းစွာဆိုရလျင် အသင်းတော်၏ အသင်းဝင်များအဖြစ်ကို ထင်ရှားစွာမြင်တွေ့ရပါသည်။

၄။ အသင်းသားနှင့် သင်းအုပ်။

အသင်းသားဖြစ်ခြင်းဟူသည် လွန်စွာအရေးပါလှသည့်အကြောင်းရင်း နောက်တစ်ခုမှာ “သင်းအုပ်ဆရာ” အတွက် တိကျသေချာသော တာဝန်ဝတ္တရာများကိုထမ်းရွက်ရန်အတွက် အထောက်အမဖြစ်စေပါသည်။ ဟေဗြဲ၊ ၁၃:၁၇ တွင်ကြည့်မည်ဆိုပါက…

“သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ် ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည် အကြောင်း သတိပြုလျက်နေကြလော့” ဟုတွေ့ရပါသည်။

အသင်းတော်တွင် အသင်းသားအနေဖြင့် မရှိပါလျင် မည်ကဲ့သို့လျင် သူ၏ သင်းအုပ်လုပ်ငန်းတာဝန်များကို ကောင်းစွာမည်သို့ပြုနိုင်ပါမည်နည်း။

ထို့ကြောင့် သင်းအုပ်ဆရာသည် လောကတွင်ရှိရှိသမျှသော ခရစ်ယာန်များ အတွက်မည်သို့လျင် တာဝန်ရှိနိုင်ပါမည်နည်း။

မိမိအားဘုရားသခင်ပေးအပ်ထားသော အသင်းသားများသည် ကားသူ့အတွက် တိကျသောတာဝန်တစ်ခုအဖြစ် အထင်အရှားပင်ဆိုနိုင်မည်မဟုတ်ပါလား။

ထို့အတူ သင်းအုပ်ဆရာသည် လူမှုအသိုင်းအဝန်းအားလုံးကို အစေခံရန်မှာ သူ၏ မရှိမဖြစ်လုပ်ဆောင်ရမည့် တာဝန်မဟုတ်၊ အသင်းတော်တွင်းရှိ အသင်းသားများကိုသာလျင် သူ့အနေဖြင့် ကောင်းစွာအစေခံရမည်မဟုတ် ပါလား။ ထိုသို့ မိမိလက်တွင်ရှိသော အသင်းသားများကို မကြည့်ရှုနိုင်လျင် မည်သို့ကောင်းသောသိုးထိန်းဟူ၍ ဆိုနိုင်အံ့နည်း။

ထို့ကြောင့် “အသင်းသား” အဖြစ်ခံယူခြင်းသည် မိမိ၏ အသက်တာတစ်ခုလုံး၏ “ခန္ဓာ၊ စိတ်၊ ဝိညာဉ်” သုံးပါးလုံး ကိုထိုသင်းအုပ်ဆရာလက်သို့ အပ်နှံလိုက်ခြင်းဖြစ်ပြီး၊ ထိုသင်းအုပ်ဆရာ၏ အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ဟူသော သိုးထိန်းဖြစ် ကြောင်း သိမှတ်ဝန်ခံခြင်းလည်းဖြစ်ပါသည်။

၅။ အသင်းသားနှင့် အသင်းတော်။

“အသင်းသား”ဖြစ်ခြင်းသည် အသင်းသားအတွက်သော်လည်းကောင်း၊ အသင်းတော်အတွက်သော်လည်းကောင်း လွန်စွာအရေးကြီးလှပါသည်။

ထိုသို့ အသင်းသားဖြစ်ခြင်းမဖြစ်ခြင်းအားဖြင့် အသင်းတော်မှ ထိုအသင်းသား အတွက် မည်သို့သောအခန်းကဏ္ဍမှနေပြီး ပံ့ပိုးပေးလျက်၊ ဖေးမရမည်ကိုသိရှိ လုပ်ဆောင်နိုင်မည်ဖြစ်သလို၊ အသင်းသားတစ်ဦးအနေဖြင့်လည်း မိမိအနေဖြင့် အသင်းသားတစ်ဦးဖြစ်သောကြောင့် အသင်းတော်အတွက် မည်သို့အစေခံရမည်၊ မည်သို့အသင်းတော်တည်ဆောက်ရာတွင် ပါဝင်ဆက်ကပ်နိုင်မည်စသည့် အသင်းသား တစ်ဦး၏အခွင့်အလမ်း မင်္ဂလာများကို ကောင်းစွာရရှိပြီး၊ အစေခံနိုင်ပါလိမ့်မည်။

၁ ကောရိန္သု၊ ၅:၁-၁၃ တွင်ကြည့်လျင် အသင်းတော်တွင်းရှိ ပြဿနာအခက်အခဲများကို မည်သို့ ကိုင်တွယ်ဖြေရှင်း နိုင်မည်ဆိုသည့်အကြောင်းအရာများကို သွန်သင်ထားခြင်းဖြစ်သည်။ ထို့အတူ အငယ် ၁၂-၁၃ တွင်ကြည့်ပါက…

(၁) ပြင်ပလူ။

(၂) အတွင်းလူ။

ဟူ၍နှစ်မျိုးကိုတွေ့မြင်နိုင်ပါသည်။

ထိုသို့ “ပြင်ပလူ” နှင့် “အတွင်းလူ” ဆိုရာတွင် အသင်းတော်တွင်းနှင့် အသင်းတော်ပြင်ပကို ကောင်းစွာပြောဆို ဆုံးမနေခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျင် “အသင်း သားလျောက်လွှာ” မရှိပါလျင် မည်သူသည် အသင်းတော် “ပြင်ပလူ”၊ မည်သူသည် အသင်းတော် “အတွင်းလူ”ဟူ၍သိနိုင်ပါမည်နည်း။

ထို့ကြောင့် ပိုမိုသိရှိလိုပါလျင် မ၊ ၁၈:၁၇ တွင် အောက်ပါအတိုင်းမြင်တွေ့နိုင်ပါသည်။

“ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမ ထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့”။

၆။ ထိုသို့ဆိုလျင် အသင်းဝင်ရမည်လား။

အထက်တွင်ဖေါ်ပြ ဆွေးနွေးခဲ့ကြသည့်အတိုင်း “အသင်းသားလျောက်လွှာ” ဟူသည် ရုံး/အသင်းအဖွဲ့အတွက် လုပ်ဆောင်ရမည်ဟု နှုတ်ကပတ်တော်တွင် ဖေါ်ပြထားခြင်းမရှိသော်လည်း ထိုအတွက် ကန့်ကွက်စရာလုံးဝ မတွေ့နိုင်ကြောင်း ကျွန်ုပ်တို့ ရှင်းလင်းစွာမြင်တွေ့နိုင်ပါသည်။

ထို့ကြောင့် မိမိသည် အသင်းတော်၏ “အတွင်းလူ”၊ အသင်းတော်၏ “အပြင်လူ” ဆိုသည်ကို သိသာထင်ရှားစေ နိုင်ရန် အသင်းသားဖြစ်ခြင်းသည် မရှိမဖြစ်လိုအပ်လျက်ရှိပါသည်။

ထို့ကြောင့် “အသင်းသားဖြစ်ခြင်း” ဟူသည် ဘုရားသခင့်သားသမီးများပီသစွာ ဘုရားသခင့်ကိုယ်ခန္ဓာတော်၏ အစိတ်အပိုင်းဖြစ်သည့်နည်းတူ၊ ဒေသန္တရအသင်းတော်တစ်ပါး၏ အင်္ဂါအစိတ်အပိုင်းဖြစ်ကြောင်း ထင်ရှားစေရန် အသင်းသားဟူသည် မရှိမဖြစ်၊ လိုအပ်နေပါသည်။ ဘုရားသခင်သည်လည်း ထိုအသင်းတော်များဖြင့်သာလျင် အမှုပြုတော်မူခဲ့သည်ကို နှုတ်ကပတ်တော်တစ်လျောက်လုံး လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့ တွေ့မြင်သိရှိနိုင်ပါ သည်။

“အသင်းသား”ဖြစ်ခြင်းဟူသည်မှာ ဘုရားသားသမီးပီသစွာ မိမိ၏ ကျရာအခန်းကဏ္ဍကိုဖြည့်ဆည်းပေးရန်အဖို့ အလိုအပ်ဆုံးသော မင်္ဂလာလမ်းကြောင်းတစ်ခုလည်းဖြစ်ပါသည်။

“သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီ တညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့” (ဖိ၊ ၂:၂)။

ထို့ကြောင့် “အသင်းသား”ခံယူခြင်းဟူသည် အသင်းအဖွဲ့များအတွက်သာလျင် ကောင်းသောအကျိုးကျေးဇူးများ ကိုသက်ရောက်ခံစားစေသည်သာမက၊ သိုးစုတော်နှင့် သိုထိန်းများအတွက်လည်း ကောင်းကြီးမင်္ဂလာများကို ဆောင်ကျဉ်းပေးလာစေမည့် ဘုရားသခင့်လမ်းစဉ်တစ်ခုပင်ဖြစ်ပါသည်။

ထိုသို့အသင်းသားဖြစ်ခြင်းအားဖြင့်သာလျင် အသင်းတော်တွင်း….

(၁) သာရေး၊ နာရေး။

(၂) သာသနာ့အရေး။

(၃) ဧဝံဂေလိ။

(၄) ကလေးသာသနာမှအစ…..

အစရှိသဖြင့် များစွာသော အမှုများတွင် “မဲပေးခွင့်”၊ “ဆုံးဖြတ်နိုင်ခွင့်”၊ “ကိုယ်တိုင် ကိုယ်ကျပါဝင်နိုင်ခွင့်” စသော အမှုများကို ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်ပါလိမ့်မည်။

ထို့ကြောင့် “အသင်းသားဖြစ်ခြင်း” ဟူသည် ခရစ်ယာန်တစ်ဦးဖြစ်လာရန်တောင်းဆိုသော အမှုမဟုတ်၊ မိမိသည် “ခရစ်ယာန်တစ်ဦး” သို့မဟုတ် “ဘုရားသားသမီးဖြစ်ကြောင်း” သက်သေထူလျက်ပြုသောအမှုသာဖြစ်ပါသည်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post