၁။ ချီးမွမ်းကိုးကွယ်ခြင်း။
ဆာလံကျမ်းသည် ဘုရားသခင့်အားချီးမွမ်းကိုးကွယ်ခြင်းနှင့်စပ်ဆိုင်သော ကျမ်းစာတော်အဖြစ်အားလုံးသိကြပြီး ဖြစ်သလို၊ ဘာကြောင့်ချီးမွမ်းရသနည်းဟူသော အကြောင်းရင်းများစွာတို့ကိုလည်း အဖြေအဖြစ်မြင်တွေ့နိုင်ကြ ပါသည်။
ထို့ကြောင့် ရှင်းလင်းသောနည်းလမ်းများစွာထဲမှ ဘာကြောင့်ချီးမွမ်းရသနည်းဆိုသောအရာနှင့် မည်သည့်အတွက် ချီးမွမ်းရသည်ကို ယခုလိုရှင်းလင်းစွာမြင်တွေ့နိုင်ပါသည်။
“ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်း ငှါ၎င်း၊ စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီးခတ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏”(ဆာ၊ ၉၂:၁-၃)။
၂။ မည်သို့ချီးမွမ်းမှုကို ရေတွက်နိုင်မည်နည်း။
ဘုရားသခင်အား ဘာကြောင့်ချီးမွမ်းရနသည်းဟူ၍ သိလိုပါက အောက်ပါအတိုင်းစာရင်းကိုပြုလျက် ဘုရားသခင့် ကျေးဇူးတရားတော်တို့ကို ရေတွက်နိုင်သလို၊ ထိုဘုရားသခင်၏ ဂုဏ်တော်အနန္တများစွာကိုလည်း ကြည်ညိုလေး မြတ်ဖွယ်မြင်တွေ့နိုင်ပါလိမ့်မည်။
ဥပမာအားဖြင့်…
(၁) ဘုန်းတော်ရှင်ဖြစ်သောဘုရား (ဆာ၊ ၁၃၉:၅)။
(၂) ကြီးမြတ်မူသောဘုရား (ဆာ၊ ၁၄၅:၃)။
(၃) ပညာနှင့်အစွမ်းသတ္တိပြည့်စုံသောဘုရား (ဒံ၊ ၂:၂၀)။
(၄) ကောင်းမြတ်သောဘုရား (ဆာ၊ ၁၀၇:၈)။
(၅) ကရုဏာနှင့် သစ္စာရှင်ဖြစ်သောဘုရား (ဆာ၊ ၈၉:၁)။
အစရှိသဖြင့် ပြောမဆုံးနိုင်သော ဘုရားသခင့်ဂုဏ်တော်နှင့်အဖြစ်တော်များကို မြင်တွေ့လာရပါမည်။ ထို့အတူ ဘုရားသခင့် ဂုဏ်တော်များကိုကြည့်လျင်လည်း အနန္တတန်ခိုးရှင်၊ သဗ္ဗညုတဘုရားရှင်၊ အရာခပ်သိမ်းကိုသိမြင်မူ သောဘုရားသခင်၊ ထာဝရမပြောင်းမလဲတည်ရှိသောဘုရား အစရှိသဖြင့်လည်းရှိပါသည်။
ထိုမျှမက….
(၁) ကယ်ချွတ်မူသောဘုရား (ဆာ၊ ၁၈:၄၆)။
(၂) ကတိတော်စောင့်ထိန်းမူသောဘုရား (၃ ရာ၊ ၈:၅၆)။
(၃) အပြစ်မှရွေးနှုတ်တော်မူသောဘုရား (ဆာ၊ ၁၀၃:၁-၃)။
(၄) နေ့စဉ်ထောက်မတော်မူသောဘုရား (ဆာ၊ ၁၃၆:၂၅)။
အစရှိဖြင့် ဘုရားသခင့် ဂုဏ်တော်နှင့် အဖြစ်တော်တို့သည် မြန်မာစကား၌ရှိသော နှိုင်းတု၍မမှီ၊ ကြံစည်၍မကုန် နိုင်သောဘုရားသခင့်ဂုဏ်တော်အနန္တတို့သည် ရေတွက်၍ပင်ကုန်နိုင်မည်မဟုတ်ပါ။
၃။ ချီးမွမ်းခြင်းကို ခံယူတော်မူထိုက်သောဘုရား။
ထို့အတူ ဆာ၊ ၁၄၈:၁-၁၀ တွင်ကြည့်လျင် ဖန်ဆင်းတော်မူသောဘုရားသခင် တစ်ပါးတည်းသာလျင် ချီးမွမ်းခြင်း၊ ကိုးကွယ်ခြင်းနှင့် ဂုဏ်ပြုခြင်းကို ခံယူတော်မူထိုက်သောအရှင်ဖြစ်ကြောင်းကိုလည်း မြင်တွေ့နိုင်ပါသည်။
ထို့ကြောင့် ခရစ်တော်ဘုရားသည် သံလွင်ခက်နေ့တွင် ယေရုရှလင်မြို့တော်သို့ဝင်တော်မူသောအခါ လူများစွာတို့ မှချီးမွမ်းခြင်းကို ပြုကြပါသည်။ ထိုအခါ ဖာရိရှဲတို့က ချီးမွမ်းခြင်းကို ဟန့်တားရန်ဆိုကြသောအခါ ခရစ်တော် ကိုယ်တော်တိုင်အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည်။
“ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေး ကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏” (လု၊ ၁၉:၄၀)။
သို့သော်လည်း ယနေ့ဘုရားသခင်ကို ချီးမွမ်းရမည့်အစား မချီးမွမ်းခြင်းတည်းဟူသောအရာကို ရွေးချယ်သူများစွာ ရှိနေကြပါသည်။ သို့သော်လည်း တစ်နေ့သောအခါ၌ ဘုရားသခင့်ရှေ့တော်တွင်လူတိုင်းဒူးထောက်၍ ဝန်ခံချီးမွမ်း မှုပြုရမည့်နေ့ မလွဲမသွေရောက်လာရပါလိမ့်မည် (ဖိ၊ ၂:၁၀-၁၁)။
၄။ ချီးမွမ်းခြင်းနှင့် သက်ဝင်ယုံကြည်မှုဆက်နွယ်ခြင်း။
ချီးမွမ်းကိုးကွယ်ခြင်းဟူသည် လူတစ်ဦး ဘုရားသခင်အပေါ်မည်သို့ သက်ဝင်ယုံကြည်သည်။ မည်သို့ကိုးစား ခိုလှုံ နေသည်။ မည်သို့ဘုရားသခင့်အပေါ်သဘောထားရှိသည်။
အစရှိသဖြင့် အတွင်းသဏ္ဌာန်၏ အစစ်အမှန်များကို ထင်ဟပ်လျက်ရှိနေသောကြောင့် ချီးမွမ်းခြင်းဟူသည် “ရို့ကျိုးခြင်း” ” ကျိုးနွံခြင်း” (သို့) “ပုံအပ်ခြင်း”၏ အစိတ် အပိုင်းတစ်ခုဖြစ်လျက်ရှိပါသည်။
ထို့အတူ ချီးမွမ်းခြင်းဟူသည် ဘုရားသခင့် ကျေးဇူးတရားများကို “အသိအမှတ်ပြု” (သို့) “တန်ဘိုးထားခြင်း” ဟူ၍ လည်းဆိုနိုင်ပါသည်။
“လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေး ဇူးတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကို လည်း၊ ကောင်းသောအရာနှင့် ဝစေသော်မူ၏” (ဆာလံ၊ ၁၀၇:၈-၉)။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်