အသင်းတော်မူဝါဒ

၁။ မူဝါဒဆိုသည်မှာ။

“မူဝါဒ” (သို့) “လမ်းစဉ်” (သို့) “ခံယူကျင့်သုံးမှု” ဆိုသည်မှာ အသင်းအဖွဲ့တစ်ခုဖြစ်ကြောင်း အတိအလင်းဖေါ်ပြ ထားသော လမ်းစဉ် (သို့) “မူဝါဒ” ဟူ၍ဆိုလိုပါသည်။

အသင်းတော်မူဝါဒဟုဆိုသည်နှင့် ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင် အဖြစ်လက်ခံယုံကြည်ပြီးသည်သာမက အသင်းတော် (သို့) သာသနာတိုးတက်ရာ တိုးတက်ကြောင်းနှင့် တည်ဆောက်မှုပြုကြရန် သဘောတူညီချက်များဖြင့်ဖွဲ့စည်းလျက် တည်ထောာင်ထားသော လူတစ်စုတို့ ပုံမှန်ဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်းကိုပြုသော အသင်းတော်တစ်ခု (သို့) အသင်းအဖွဲ့တစ်ခု၏ “မူဝါဒ” (သို့) “ယုံကြည်ခံယူချက်” နှင့် “ကျင့်သုံးမှု” ဟူ၍ဆိုနိုင်ပါသည်။

ထို့ကြောင့် အသင်းတော်မူဝါဒ ဆိုသည်နှင့် အသင်းအဖွဲ့၏ သတ်မှတ်ထားသော “မူဝါဒ” လမ်းစဉ်များနှင့်အညီ အတူတကွကိုးကွယ်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ အသင်းတော်ကိုတည်ဆောက်ခြင်း၊ သာသနာပြုခြင်းများကိုလမ်း စဉ်အတိုင်းဆောင်ရွက်လုပ်ကိုင်ရန်ထားရှိသော မူဝါဒကိုဆိုလိုပါသည်။

၂။ အသင်းတော်ဆိုသည်မှာ။

ယခင်ပို့စ်များတွင် ဆိုခဲ့ပြီးသည့်အတိုင်း အသင်းတော်ဆိုသည်မှာ “အစုအဖွဲ့” ဟုဆိုအပ်သော ခရစ်တော်ကို အသက်သခင်ကယ်တင်ရှင်အဖြစ်လက်ခံပြီးသော ယုံကြည်သူများကိုဆိုလိုပါသည်။ ထို့ကြောင့်ကနဦးရှိသော ယုံကြည်သူတို့အား အသင်းတော်နှင့်စပ်ဆိုင်သော စကားတော်ကို ခရစ်တော်ဘုရားကိုယ်တော်တိုင်အောက်ပါ အတိုင်းမိန့်ဆိုထားပြီးဖြစ်သည်။

“ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ” (မဿဲ၊ ၁၆:၁၈)။ ထိုနည်းတူ အချို့သောပညာရှင်များ၏ စကားအရ ကနဦး အသင်းတော်များသည် တမန်တော်၊ ၂:၄၂-၄၆ တွင်ဖေါ်ပြသည့်အတိုင်း အသင်းတော်ဟူသောအင်္ဂါရပ်နှင့်အညီ အားလုံးဖြစ်လာကြသည်မဟုတ်ပါ။

အများစုတင်ပြထားသည့်အတိုင်း “မိသားစုဝတ်ပြခြင်း” တည်းဟူသော Home Churches လေးများဖြင့်စတင်ခဲ့ ကြခြင်းဖြစ်သည်။ ရှင်ပေါလုပေးစာအရ မိသားစုအလိုက်၊ တစ်ဦးချင်းအစရှိသဖြင့်မိတ်သဟာယပြုရာဟုဆိုထား သည်ကိုတွေ့ရပါသည် (ရောမ၊ ၁၆:၅၊ ဖိ၊ ၁:၂၊ ကောလော၊ ၄:၁၅၊ ၁ ကော၊ ၁၆:၁၉)။ ထိုသို့ဆုံတွေ့ခြင်းများမှနေပြီး အသင်းတော်ဟူသော အကြံအစည်နှင့်အလိုတော်သည် ပြည့်စုံလာလျက် “အသင်းတော်” ဟူသောအသင်းအဖွဲ့ ဖြစ်လာကြရပါသည်။

၃။ ဘာကြောင့်အသင်းတော်ကို မနှစ်သက်ကြသနည်း။

အချို့သောသူများက အသင်းတော်၏ မူဝါဒများကို သူတို့သဘောမကျသဖြင့် အသင်းတော်များမှ ကျောခိုင်းသွား ကြသူများလည်းရှိသည်။ အချို့ကသူတို့အကြိုက်မဟုတ်၍လည်း ငြင်းဆန်လိုလို၍ကျောခိုင်းသွားကြသည်။

မည်သို့သော အသင်းတော်ဖြစ်နေပါစေ အသင်းတော်မူဝါဒများနှင့်အညီ လုပ်ဆောင်ရန်နှင့် တိုးတက်မှုကို တိုင်းတာရန် သို့တည်းမဟုတ် “ဆောင်ရန်”နှင့် “ရှောင်ရန်”များအတွက် စံနှုန်းတည်းဟူသောပေတံ မရှိ မဖြစ် လိုအပ်သောကြောင့် အသင်းတော်တိုင်းတွင် “မူဝါဒ” အသီးသီးတို့ဖြင့် ဖွဲ့စည်းရေးဆွဲထားကြပါသည်။

တပည့်တော်စုဖြစ်စေ၊ အသင်းတော်ဖြစ်စေ နှုတ်ကပတ်တော်နှင့်အညီ တည်ဆောက်မှုပြုရန် အောက်ပါအချက် အလက်တို့သည် မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းတို့ကို ဆက်လက်၍ဖေါ်ပြသွားပါမည်။

၄။ သင်းအုပ်/ခေါင်းဆောင်။

သင်းအုပ်ဟူသည် ကနဦးအသင်းတော်စတင်ကတည်းကပင်လျင် ဘုရားသခင်ထားရှိခဲ့သော အသင်းတော်တစ်ပါး ၏အင်္ဂါရပ်များထဲမှ တစ်ပါးအပါအဝင်ဖြစ်ပါသည်။

ခေါင်းဆောင်မှုအပိုင်းကို တမန်တော်ကြီးများဖြင့် စတင်ခဲ့ပြီး၊ ထို့နောက် အရည် အချင်းပြည့်မှီသောသူများကို သင်းအုပ်အဖြစ်ခန့်အပ်ခဲ့ကြပြီး၊ အသင်းတော်ကို ကြီးထွားစေ၍၊ သာသနာကိုပြန့်ပွားစေခဲ့ပါသည်။

ထို့ကြောင့် “သင်းအုပ်” ဟူသည် မိမိကိုယ်ကိုမိမိခန့်အပ်သော သင်းအုပ်အရာမဟုတ်၊ အထက်စီနီယာများ၏ ခန့်အပ်ခြင်းနှင့်အတူ သာသနာ့အမှုကိုဆောင်ရွက်ရန် ဘုရားသခင်ပြင်ဆင်ပေးထားသော မင်္ဂလာတစ်ပါးလည်း ဖြစ်ပါသည်။

သင်းအုပ်နှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အရည်အချင်းများကို ၁ တိ၊ ၃:၁-၁၅ တွင်ဖတ်ရှုနိုင်ပါသည်။

“ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော် မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့” (တမန်၊ ၂၀:၂၈) ဟူ၍သင်းအုပ်တို့တာဝန်များကိုလည်း အတိအလင်းဖေါ်ပြထားပါသည်။

သင်းအုပ်အပေါ်တွင် “သိုးထိန်းကြီး” တည်းဟူသော သခင်ဘုရားရှိတော်မူပြီး (ဟေဗြဲ၊ ၁၃:၁၇)၊ ကောင်းစွာဆက်ကပ်ပြုမူသောသင်းအုပ်သည် နှစ်ဆသောအလှူကိုပင် ခံထိုက်သည်ဟု နှုတ်ကပတ်တော်က ဆိုထားပါသည် (၁ တိ၊ ၅:၁၇)။

၅။ အတူချီးမွမ်းကိုးကွယ်ခြင်း။

ဓမ္မဟောင်းကိုကြည့်ရှုမည်ဆိုပါကလည်း ဘုရားသခင်သည် သူ့အားချီးမွမ်းကိုးကွယ်မှုပြုရန် အစုအဖွဲ့များဖြင့်ပင် ခေါ်ဆောင်တော်မူခဲ့ကြောင်းမြင်တွေ့နိုင်ပါသည် (ထွက်၊ ၃၀:၁၀၊ ၄ ရာ၊ ၁၀:၁၈၊ တရား၊ ၃၁:၁၂)။

ထိုနည်းအတိုင်းပင်လျင် ယနေ့ကျွန်ုပ်တို့ ယုံကြည်သူတို့အား အစုအဖွဲ့လိုက် တစ်တဘောတည်းဖြင့် အတူတကွ စိတ်နှလုံးတံခါးများကိုဖွင့်ပြီး၊ လက်များမြောက်ပင့်လျက် ချီးမွမ်းခြင်းကိုပြုစေလိုပါသည်။

ဓမ္မသစ်အသင်းတော်များအကြောင်းနှင့် ဓမ္မသစ်ကျမ်းကို လေ့လာကြည့်လျင် ယုံကြည်သူတို့သည် အသင်းတော် ကိုသဘောမကျဘူး၊ အသင်းတော်ကို မသွားလိုဘူး၊ ဘုရားကျောင်းမတက်လိုဘူး၊ ဘုရားကျောင်းမလိုဘူးဟူသော ဆင်ခြေ၊ ဆင်လက်များပြုကြောင်းကို အနည်းငယ်မျှသော အရိပ်အယောင်ပင်လျင် ကျွန်ုပ်တို့မတွေ့ရပါ။

၆။ ကောင်းသောဘဏ္ဍာထိန်း။

အသင်းတော်များစတင်လာပြီးနောက်ပိုင်းတွင် အသင်းတော်များသည် အသင်းတော်တစ်ပါးနှင့်တစ်ပါး ကူညီမှု များ၊ မစမှုများကိုပြုမူဆောင်ရွက်ကြရာ၌ သွား ရောက်မည့်သူကို နေရာအနှံ့အပြားသို့ စေလွတ်ခဲ့ကြရပါသည် (၂ ကော၊ ၈-၉၊ တမန်၊ ၁၁:၃၀)။

ရှင်ပေါလုကိုယ်တိုင် (သို့) အခြားကိုယ်စားလှယ်များကိုသော်လည်းကောင်း စေလွတ် သောအခါတွင် အသင်းတော်အသီးသီးမှ သူတို့စုဆောင်းရရှိထားသောအလှူငွေများကို ထိုသူတို့လက်ဝယ်အပ်နှံ၍ ပေးလိုက်ကြပါသည်။ ထိုသို့ဖြင့် အကူအညီလိုအပ်နေသောအသင်းတော်၊ အကူအညီလိုအပ်နေသော ညီအစ်ကို၊ မောင်နှစ်မများကို အသင်းတော်အသီးသီးမှ ကူညီပံ့ပိုးမှုများပြုခဲ့ကြသည်။

ထိုသို့ဖြင့် အသင်းတော်အသီးသီးတို့သည် အင်္ဂါချင်းဆိုသည့်အတိုင်း ထိုကောင်းသောဘဏ္ဍာထိန်းများအားဖြင့် အသင်းတော်နှင့် သာသနာတို့သည် ယနေ့တိုင်အောင်တည်တံခိုင်မြဲလျက် အကြံအစည်တော်နှင့်အလိုတော်ကို ဖေါ်ဆောင်နေနိုင်ခဲ့ကြခြင်းဖြစ်ပါသည်။

၇။ အသင်းသားများ။

အသင်းတော် (သို့) အသင်းအဖွဲ့ဟုဆိုလိုက်သည်နှင့် အသင်းသားတည်းဟူသော အင်္ဂါအစိတ်အပိုင်းတို့သည်လည်း မရှိမဖြစ်ပင်ရှိနေပါသည်။

ထို့ကြောင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း နှုတ်ကပတ်တော်နှင့်ညီသော “သင်းအုပ်”၊ “ချီးမွမ်းကိုးကွယ်ခြင်း”၊ “ကောင်းသောဘဏ္ဍာထိန်း” တို့နည်းတူ “စစ်မှန်သောအသင်းသားများ”လည်း မရှိမဖြစ်လို အပ်ပါသည်။ ထိုအင်္ဂါလေးရပ်တို့သည် အသင်းတော်တစ်ခုလုံး၏ ဒေါက်တိုင်များဟူ၍လည်း တင်စားဆိုနိုင်ပေ သည်။

ထို့အတူ “အသင်းသား”တိုင်းကိုလည်း “မိသားစုအသင်းတော်” များဟုလည်းဆိုနိုင်ပါသည်။ တစ်ဦးချင်း (Individual Church) အသင်းတော်မှ မိသားစု (Home Church) အသင်းတော်၊ ထိုမိသားစု (Home Church) အသင်းတော်မှာ ဒေသန္တရ (Local Church) အသင်းတော်ဟူ၍ အဆင့်ဆင့်ဖြစ်လာရသည်မဟုတ်ပါလား။

အားလုံးတို့သည် အင်္ဂါချင်း များပင်ဖြစ်သောကြောင့် ယုံကြည်သူတိုင်း….

(၁) အသင်းတော်ကို ချစ်ပါ။

(၂) အသင်းတော်ကို သစ္စာရှိပါ။

(၃) အသင်းတော်ကို ပံ့ပိုးပါ။

(၄) အသင်းတော်ကို တည်ဆောက်ပါ ……..

ဟူ၍ နှုတ်ကပတ်တော်အတိုင်း ဆိုကြရပါလိမ့်မည်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post