စာတန်မာရ်နတ်

၁။ သမိုင်းကြောင်းအစ။

စာတန်ကျဆင်းခြင်းအကြောင်းကို ခိုင်းနှိုင်းထားသောဖြစ်စဉ်ကို ဟေရှာယ၊ ၁၄:၁၂-၁၄ နှင့် ယေဇကျေ၊ ၂၈:၁၂-၁၈ တွင်ဖေါ်ပြထားပါသည်။

ထိုအကြောင်းအရာတို့သည် မျက်မြင်ရသော ဗာဗုလုန်ရှင်ဘုရင်နှင့် တုရုမင်းကြီးတို့ကို ရည်ညွန်းခြင်းဖြစ်သည့်နည်းတူ ဝိညာဉ်ရေးသမိုင်းဖြစ်စဉ်ရှိ စာတန်မာရ်နတ်၏ ကျဆင်းခြင်းအကြောင်းကိုလည်း ရည်ညွန်းထားခြင်းဖြစ်သည်။

အထက်ပါကျမ်းစကားများတွင် စာတန်မာရ်နတ်ကျဆင်းရခြင်းကို ဖေါ်ပြထားသော်လည်း မည်သည့်အချိန်တွင် ကျဆင်းခဲ့သည်၊ ဖြစ်ပွားခဲ့သည်ကိုကား အသေးစိတ်ဖေါ်ပြမထားပါ။

၂။ စာတန်အကြောင်း တစေ့တစောင်း။

စာတန်မာရ်နတ်နှင့် ကောင်းကင်တမန်များအကြောင်းကို ကျွန်ုပ်တို့သိရသည်မှာ….

(၁) လောကကို မဖန်ဆင်းမီဖန်ဆင်းထားခြင်း (ယောဘ၊ ၃၈:၄-၇)။

(၂) အာဒံနှင့် ဧဝမတိုင်မီ စာတန်မာရ်နတ်ကျဆင်းပြီးနေခြင်း (က၊ ၃:၁-၁၄)။

စသဖြင့်သာ ကျွန်ုပ်တို့သိရှိပါသည်။ ထို့ကြောင့် စာတန်မာရ်နတ်၏ ကျဆင်းခြင်းမှာ ကမ္ဘာမြေကြီးကိုမဖန်ဆင်းမှီ နှင့် အာဒံနှင့်ဧဝမကျဆင်းမှီအကြား စာတန်မာရ်နတ်ကျဆင်းခဲ့သည်ဟူသာ ကျွန်ုပ်တို့ တွက်ဆိုင်ပါသည်။

စာတန်မာရ်နတ်၏ ကျဆင်းခြင်းနှင့်စပ်ဆိုင်သော…

(၁) အချိန်။

(၂) နေရာ။

(၃) နှစ်စသည်တို့ကိုနှုတ်ကပတ်တော်၌ အသေးစိတ်ဖေါ်ပြမထားပါ။

၃။ ယောဘဝတ္ထုမှ ဖြစ်စဉ်။

ယောဘဝတ္ထုကိုကြည့်ခြင်းအားဖြင့် ထိုအချိန်အခါက စာတန်မာရ်နတ်သည် ကောင်းကင်သို့ အတက်၊ အဆင်းများ ပြုလုပ်နိုင်ခွင့်ရရှိနေသေးကြောင်းမြင်တွေ့ရသည်။

“ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း သူတို့နှင့်ရောနှော၍လာ၏။ ၇ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါ သည်ဟု ပြန်လျှောက်လေ၏” (ယောဘ၊ ၁:၆-၇)။

ထိုဖြစ်စဉ်ကိုကြည့်လျင် ထိုအချိန်က စာတန်မာရ်နတ်သည် ကောင်းကင်နှင့် မြေကြီးအကြား လွတ်လပ်စွာဖြင့် သွားလာလျက်ရှိနေပြီး ဘုရားသခင်အားမေးမြန်းခြင်း၊ သူ့လုပ်ဆောင်မှုများကိုလည်း ပြန်လည်ပြောဆိုခြင်းများ ရှိနေသည်ကိုတွေ့ရသည်။

ထိုအတိုင်းယခုအချိန်တွင်လည်း ဘုရားသခင်ပြုနေသည် မပြုနေသည်မှာ “အငြင်းပွားဖွယ်” အဖြစ်ရှိနေပါသည်။

အချို့သော ဓမ္မပညာရှင်များက ခရစ်တော်ဘုရား၏ ကိုယ်စားယတြာအမှုပြီးသည့်နောက်တွင် စာတန်မာရ်နတ်၏ ထိုအခွင့်အရေးများ အဆုံးတိုင်သွားပြီဟုဆိုကြသည်။

အချို့က စာတန်မာရ်နတ်၏ အထက်ပါအခွင့်ထူးများသည် နောက်ဆုံးသောကာလ တရားစီရင်ခြင်းပြီးဆုံးလျင် အဆုံးသတ်သွားမည်ဟု ယုံကြည်ထားကြသူများလည်းရှိပါသည်။

၄။ စာတန်မာရ်နတ်ဘာကြောင့်ကျဆင်းခဲ့သနည်း။

စာတန်မာရ်နတ်၏ ကျဆင်းခြင်းအကြောင်းတရားတို့မှာ မာန်မာနတို့ကြောင့်ဖြစ်သည်။

သူအဖြစ်ချင်ဆုံးသောဆန္ဒမှာ ဘုရားဖြစ်လိုမှုဖြစ်သည်။

တနည်းအားဖြင့် ဘုရားကိုဆည်းကပ်ကိုးကွယ်သူမဟုတ်ပဲ ဘုရားနေရာတွင် အကိုးကွယ်ခံလိုမှုဖြစ်သည်။

ထို့ကြောင့် စာတန်မာရ်နတ်၏ဖြစ်တည်မှုကိုကြည့်လျင် အောက်ပါအတိုင်း “ငါ” ငါးလုံးဖြင့် မာန်မာနကြောင့်ဟု ရှင်းလင်းစွာတွေ့မြင်ရပါသည်။

(၁) သင်ကလည်း၊ ကောင်းကင်ပေါ်သို့ (I)ငါ တက် မည်။

(၂) ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ (My) ငါ့ပလ္လင်ကို (I)ငါချီးမြှောက်မည်။

(၃) မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ (I)ငါထိုင်မည်။

(၄) မိုဃ်းတိမ်ထိပ်ပေါ်သို့ (I)ငါတက်မည်။

(၅) အမြင့်ဆုံး သောဘုရားကဲ့သို့ (I)ငါနေမည်ဟု စိတ်အကြံရှိ လေပြီဟုဖေါ်ပြထားသည်။

ထိုသို့ ဘုရားဖြစ်လိုသော ဆန္ဒဖြစ်သော်လည်း ရလာဒ်မှာကား “သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ” (ဟေရှာ၊ ၁၄:၁၂-၁၅) ဟုသာတွေ့ရပါသည်။

၅။ စာတန်မာရ်နတ်၏ မူလအစ။

ယေဇကျေလ၊ ၂၈:၁၂-၁၅ တင်ကြည့်လျင် စာတန်မာရ်နတ်၏ မူလအစအမည်မှာ ခေရုဗိမ်ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း တင့်တယ်ခြင်း၊

လှပခြင်း၊

ချီးမွမ်းဖွယ်ရှိခြင်း၊

မင်္ဂလာအပေါင်းနှင့်ပြည့်စုံခြင်းဟူသော ဘုရားသခင့်အထံတော်တွင်ရှိနေရသော်လည်း အထက်ပါစကားအတိုင်း ဘုရားနှင့်ဖက်ပြိုင်ရာမှ တည်ရှိနေသော ကောင်းကင်မှ “နှင်ချ”ခံခဲ့ရသည်။

ထို့ကြောင့်လည်း ဘုရားအလွန်ဖြစ်ချင်ရှာသော စာတန်မာရ်နတ်သည် ထိုဖြစ်လိုသောဆန္ဒအသောမသတ်နိုင်ပဲ အာဒံနှင့် ဧဝတို့၏ဘုရားအဖြစ်ရရှိရန် ကြိုးစားခဲ့ပြန်ပါသည် (က၊ ၃:၁-၅)။

စာတန်မာရ်နတ်သည် မည်သို့နည်းဖြင့် ကောင်းကင်ဘုံမှ ကျဆင်းခဲ့ပါသနည်း။

ဘုရားသခင်သည် စာတန်မာရ်နတ်အား ကောင်းကင်ဘုံမှ နှင်ထုတ်ပစ်ခဲ့ခြင်းဖြစ်သည် (ဟေရှာ၊ ၁၄:၁၅၊ ယေဇ၊ ၂၈:၁၆-၁၇)။ အမှန်တကယ်အားဖြင့် စာတန်မာရ်နတ်သည် ကောင်းကင်မှကျဆင်းခဲ့ခြင်းမဟုတ်ပဲ၊ နှင်ထုတ်ခံခဲ့ရ ခြင်းဖြစ်သည်။

နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

Leave a Reply

Your email address will not be published. Required fields are marked *

Related Post