၁။ ထာဝရအနာဂါတ်။
လူများစွာတို့သည် အပါယ်ငရဲနှင့်စပ်ဆိုင်၍ စိတ်မသက်မသာဖြစ်လေ့ရှိကြသည်။ အကြောင်းမှာ ထာဝရငရဲ ဟူသည် ဒုက္ခဆင်းရဲ၊ အံသွားခဲကြိတ်ခြင်းနှင့် ဒုဂ္ဂတိဘုံဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်၍ လူသားအပေါင်းတို့ကိုချစ်တောမူသော ကြောင့်လည်း ကျွန်ုပ်တို့ လူသားများ အနေဖြင့် ထည်ရှိနေရသော ထိုငရဲနှင့်စပ်ဆိုင်ပြီး အကုန်အစင်လည်း နားမလည်နိုင်ကြပေ။
အပြစ်ဗီဇ (သို့) အဝိဇ္ဇာသဘောဖြင့် မှောင်အတိ (သို့) အပြစ်နွံနစ်မွန်းနေသော ကျွန်ုပ်တို့အနေဖြင့် ဘုရား သခင့်သဘောတော်နှင့်၊ ဘုရားသခင့်အလေ့အလာ (သို့) ဂုဏ်တော်များကို အကုန်အစင် နားလည်ခြင်းငှါလည်း မစွမ်းသာပေ။ အကြောင်းမှာအပြစ်နှင့်ပြည့်ဝနေသော လူသားများအနေဖြင့် ဘုရားသခင့်ဖြစ်စဉ်များကို နားမလည်နိုင်ခြင်းမှာ အထူးအဆန်းမဟုတ်တော့ပေ။
၂။ မြင့်မြတ်သောအကြံအစည်တော်။
ထို့ကြောင့်လည်း မြန်မာစကားပုံတွင် “မနှိုင်းယှဉ်အပ်၊ မကြံစည်အပ်” ဟူ၍ဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့အဖြစ်တော်ဂုဏ်တော်နှင့်အညီ ကျွန်ုပ်တို့လူသားများအပေါ်တွင် ချစ်ခြင်း မေတ္တာနှင့်ကရုဏာ အပြည့်ထားတော်မူသော ဘုရားသခင်ဖြစ်သည့်နည်းတူ တရားသဖြင့် စီရင်တော် မူသောအရှင်လည်းဖြစ်၏။
သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ဖြစ်သောကြောင့် အပြစ်ဒုစရိုက်နှင့် လုံးဝကင်းစင်တော်မူ ပါသည်။ ထို့ကြောင့်လည်း “မကောင်းမှုသည်” ဘုရားသခင့်ဂုဏ်တော်နှင့် လားလားမျှမအပ်စပ်ပေ။ ထို့ကြောင့်လည်း အပြစ်တရားနှင့်ပြည့်ဝနေသောသူ၊ တရားကိုလွန်ကျူးသောသူ၊ ဘုရားကို ဆန့်ကျင်သော သူများအတွက် ဘုရားသခင့်အထံတော်မှ စီရင်ခြင်းသည် အမြဲသက်ရောက်လျက် ရှိပါသည် (ဟေရှာ၊ ၅:၂၅၊ ဟောရှေ၊ ၈:၅၊ ဇာခရိ၊ ၁၀:၃)။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော်ရှင်ဖြစ်သည်သာမက အပြစ်ဒုစရိုက်ကို နှစ်သက်တော်မူခြင်းလည်း မရှိသည့်ဘုရားဖြစ်ပါသည် (သု၊ ၆:၁၆-၁၉)။
၃။ လူတိုင်းကို မေတ္တာထားသောဘုရား။
ဘုရားသခင်သည် မေတ္တာကရုဏာရှင်ဖြစ်သော်လည်း ထိုမေတ္တာကရုဏာတော်သည် ကန့်သတ်လျက်ရှိမှုကို အောက်ပါအတိုင်းမြင်တွေ့နိုင်ပါသည်။
“တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြ လော့။ ဆိုးသော သူသည် မိမိလမ်းကို၎င်း၊ မတရား သောသူသည် မိမိအကြံတို့ကို၎င်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည်” (ဟေရှာယ၊ ၅၅:၆-၇)။
၄။ အပြစ်နဲ့ လွန်ကျူးခြင်းအမှန်။
လူသားတို့သည် အပြစ်တရားကြောင့် ယိုယွင်းဖောက်ပြန်ခဲ့ကြပြီးဖြစ်သောကြောင့် ထိုဗီဇအပြစ်တရားဟူ သောစိတ်အခံကြောင့် ဘုရားသခင်အား အမြဲဆန့်ကျင်မှုပြုလျက်ရှိကြသည်။
ဒါဝိဒ်မင်းကြီးသည် ဥရိယ၏မိန်းမ ဗာသရှေဗနှင့် မှားယွင်းဖောက်ပြန်မိပြီးနောက် “သူ့မယားကိုလိုချင်၊ သူ့လင် ကိုလှံနဲ့ထိုး” ဆိုသောစကားအတိုင်း ခင်ပွန်းဖြစ်သူကို သတ်သည်အထိကျူးလွန်မိသောအခါ နောင်တတရား ဖြင့်စိတ်ဝင်စားစရာအောက်ပါ အကြောင်းအရာကို ဖွင့်ဆိုခဲ့သည်။
“ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။ အကျွန်ုပ် သည် မွေးစကပင် အပြစ်ပါလျက် ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏” (ဆာလံ၊ ၅၁:၄-၅)။
ဒါဝိဒ်မင်းကြီးသည် ဗာသရှေဗနှင့် ဥရိယအပေါ်ပြစ်မှားမိသည့် နောက် အဘယ့်ကြောင့် ဘုရားသခင်ကို လွန်ကျူးမိပြီဟုဆိုခဲ့သနည်း။
ဒါဝိဒ်မင်းကြီးနားလည်ခဲ့သည်မှာ အပြစ်ဟူသမျှ ဘုရားသခင်အား ဆန့်ကျင်နေကြောင်း ကောင်းစွာသဘော ပေါက်နားလည်ခဲ့သည်။ ထိုအရှင်သည် ထာဝရအဖြစ်တော်နှင့် ထာဝရဂုဏ်တော်တို့ကိုပိုင်ဆိုင်ထားသော တစ် ဆူတည်းသောဘုရားဖြစ်ကြောင်း ကောင်းစွာသိမြင်နားလည်ခဲ့သည် (ဆာလံ၊ ၉၀:၂)။
ထိုထာဝရတည်ရှိတော်မူပြီး၊ သန့်ရှင်းစုံလင်တော်မူသော ဘုရားသခင့်ရှေ့တော်တွင် လူတိုင်းအပြစ်တရား၏ အကျိုးအတိုင်း စီရင်ခြင်းကိုခံကြရပေမည်။ အကြောင်းမှာ ကျွန်ုပ်တို့ပြုမူ၊ ဆောင်ရွက်၊ လွန်ကျူးသမျှသော အပြစ်အလုံးစုံတို့သည် ထိုအရှင်အား လွန် ကျူးနေခြင်းဖြစ်သည်။
၅။ ထာဝရတည်ရှိလျက် စီရင်မူမည့်ဘုရား။
ကျွန်ုပ်တို့တည်ရှိမှုနှင့် လွန်ကျူးမှုတို့သည် အကန့်အသတ်အား ဖြင့် ကာလတစ်ခုသာရှိသော်လည်း ဘုရား သခင်မူကား သယမ္ဘူရှင်ဖြစ်ပြီး၊ အချိန်ကာလတို့ကို အုပ်စိုးပိုင်သတော်မူသောကြောင့် ထိုဖြစ်အင်များအားလုံး နဲ့အတူ လူတို့အား ဖြောင့်မတ်စွာစီရင်တော်မူပါလိမ့်မည်။
ထို့ကြောင့် ထာဝရတည်ရှိတော်မူသောဘုရားသခင့်ရှေ့တော်တွင် ကျွန်ုပ်တို့၏ အပြစ်များသည် ထာဝရတည် ရှိနေသောကြောင့် ထာဝရတရားစီရင်ခြင်းကို ကျွန်ုပ်တို့ခံယူကြရပါလိမ့်မည်။
၆။ အပြစ်နဲ့ စီရင်ခြင်း။
ထိုအကျိုးဆက်ကို အပါယ်ငရဲတွင် ကျခံနေရသော သူများထက် အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ နားလည်နိုင်စွမ်းရှိနိုင်မည်မဟုတ်ပါ။ အကောင်းဆုံးသော ဥပမာမှာ နှုတ်ကပတ်တော်တွင်ပါရှိသော လာဇရုနှင့် သူဌေးကြီးသာဓကက အကောင်းဆုံးဖြစ်ပါလိမ့်မည် (လု၊ ၁၆)။
သူဌေးကြီးသည် သူအသက်ရှင်သန်ခဲ့စဉ်က ထာဝရဘုရားကို ပြစ်မှားလွန်ကျူးခဲ့ကြောင်း ကောင်းစွာသဘော ပေါက်နားလည်ခဲ့သည်။ သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ….
“ငါဘာကြောင့် အခုလိုဘဝဖြင့် လမ်းဆုံးရသလဲ” ဟုမမေးခဲ့ခြင်းဖြစ်သည်။
အပါယ်ငရဲတွင် ကျရောက်ပြီးသူများက ထိုမေးခွန်းမျိုးကို လုံးဝမေးလိမ့်မည်မဟုတ်ပါ။
ထို့အတူ …
“ငါဒီလိုခံစားရဖို့ ထိုက်တန်လို့လား”
“ဒါကတော့ အရမ်းလွန်လွန်းပါတယ်မဟုတ်လား”
“ဒါတော့ မတရားမှု ဆန်လွန်းပါတယ်” အစရှိသဖြင့် မေးကြလိမ့်မည်မဟုတ်ပါ။
ထိုအစား သူ၏ကျန်ရှိရစ်နေသေးသော ညီအစ်ကို မောင်နှစ်မများ ထိုနေရာသို့ မရောက်လာနိုင်ရေးသာ သတိပေးလိုစိတ်ရှိခဲ့သည်။
၇။ မည်သူမပြုမိမိမှု။
ထိုသူဌေးကြီးကဲ့သို့ အပါယ်ငရဲသို့ကျရောက်ကျမည့် အပြစ်သားတိုင်း “မိမိသည် ထိုက်တန်စွာ” စီရင်ခြင်းခံရသူ ဟုသာ ထင်မှတ်ခံယူထားကြပေလိမ့်မည်။
အပြစ်သားတိုင်းအဖို့ လောဘ၊ ဒေါသ၊ မောဟဟူသော အဝိဇ္ဇာများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
အပြစ်စီရင်ခြင်းအကြောင်းတရားကြောင့် အပြစ်သားတိုင်း ရှက် ကြောက်ခြင်း၊ ဝမ်းနည်းမဆုံးဖြစ်ခြင်း၊ နောင်တရမဆုံးဖြစ်ခြင်းများ ကြုံနေရသည့်တိုင် ထိုနောင်တအလုံးစုံတို့သည် လွန်သွားခဲ့ပေပြီ။
သူဌေးကြီးသည် သူခံစားနေရသော အပါယ်ငရဲရှိ ဒုက္ခဆင်းရဲခြင်း၊ အနိဌာရုံများအတွက် ထိုက်တန်သည်ဟု ခံစားပြီး၊ ကောင်းစွာသဘောပေါက်ခဲ့သည်။ ထို့အတွက်ကြောင့်လည်း အပါယ်ငရဲတွင် ခံစားနေရခြင်း၊ စီရင်ခံ နေရခြင်းများအတွက် လုံးဝ မေးမြန်းခြင်း၊ စောဒကတက်ခြင်းများမပြုမူဘဲ ခံယူခဲ့သည်။
ထိုထာဝရအပါယ်ငရဲဟူသည် အပြစ်စီရင်ခြင်းခံရာ အရပ်ဖြစ်သောကြောင့် စိုးထိတ်စရာ၊ ပူပန်သောက၊ ဒုက္ခ ပေါင်းသောင်း ခြောက်ထောင်သာမက၊ ထာဝရအံသွားခဲကြိတ်ရာ အနိဌာရုံနန်းလည်းဖြစ်ပါသည်။
၈။ ဘုရားပေးသည့် အသက်လမ်း။
ထိုအရပ်သို့ ရောက်ပြီးသူများအဖို့ လွတ်လမ်းမရှိ။
အခြားသောအခွင့်အရေးနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းလည်းမရှိတော့။
သို့သော်လည်း ထိုသို့သော ဘေးအပေါင်းမှ ကင်းလွတ်စေရန် ဘုရားသခင့်အထံတော်မှ သတင်းကောင်းလေး တစ်ခုရှိပါသည်။ ၎င်းမှာ ဘုရားသခင်သည် လောကီသားတို့အား လွန်စွာချစ်တော်မူကြောင်းဖြစ်သည်။
လူတိုင်းထိုအပါယ်ငရဲမှ လွတ်ကင်းစေလိုသည် (ယော၊ ၃:၁၆)။
လူတိုင်း အပါယ်ငရဲမှ ကင်းလွတ်၍ ကယ်တင်းခြင်းသို့ရောက်ရှိစေလိုသည် (၂ ပေ၊ ၃:၉)။
ဘုရားသခင်သည် တရားမျှတတော်မူသော ဘုရားဖြစ်သော ကြောင့် အပြစ်တရားအား ထိုအတိုင်း ဥပေက္ခာပြု ၍ မစီရင်ဘဲ မထားနိုင်ပါ။
အပြစ်တရားအတွက် ပေးဆပ်ရပါမည်။ ထိုအတွက် ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကိုယ်စား လက်ဝါး ကားတိုင်ပေါ်တွင် အပြစ်ကျွေးယတြာကိုပေးချေတော်မူခဲ့ပါသည်။
“အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ် ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ် သောသူဖြစ်မည်အကြောင်းတည်း” (၂ ကော၊ ၅:၂၁)။
၉။ လူတိုင်းအတွင် အခွင့်အလမ်း။
ထို့ကြောင့် ကျွန်ုပ်တို့အပြစ်များကို ဝန်ချတောင်းပန်လျင် ဘုရား သခင်သည် သားတော်ယေရှုခရစ်တော်အား ဖြင့်အပြစ်လွတ်ခြင်းအခွင့်ကို ပြင်ဆင်ပေးတော်မူခဲ့ပြီးဖြစ်ပါသည်။
“ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ ” (၁ ယော၊ ၁:၉-၁၀)။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။
မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ် သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရား သခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏” (ယော၊ ၃:၁၆-၂၁)။
ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်တော်မူသောကြောင့် ထိုအပါယ်ငရဲမှ လွတ်မြောက်အံ့သောငှါ တစ်ပါး တည်းသော သားတော်ယေရှုခရစ်တော် စေလွှတ်တော်မူခဲ့ပြီးဖြစ်ပါသည်။
ထိုအရှင်အား ကျွန်ုပ်တို့လက်ခံခြင်း (သို့) ငြင်းပယ်ခြင်းဖြင့် ထာဝရကာလကို ရွေးချယ်ခွင့်ပေးထားခဲ့ပါပြီ။
သင်မည်သို့ရွေးချယ်ပါမည်နည်း။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်