၁။ အစကောင်းမှ အနှောင်းသေချာ။
နှုတ်ကပတ်တော်ကို စတင်ဖတ်ရှုမည့်သူများအတွက် ဦးစွာသိထားရမည့်အရာမှာ နှုတ်ကပတ်တော် သည် အခြား စာအုပ်များနှင့်မတူပဲ အနုလုံ၊ ပဋိလုံအပြန်ပြန် အလှန်လှန်ဖတ်ရှုခြင်းသက်သက်ဖြင့် ဖတ်ရှုရမည့် စာအုပ်မျိုး မဟုတ်ကြောင်း ဦးစွာသိဖို့လိုပါသည်။
ထိုနည်းတူ နှုတ်ကပတ်တော်သည် “စာကြည့်တိုက်အသေးစား” လေးတစ်ခု (သို့) “လက်ရွေးစဉ်စာ အုပ်”များစု စည်းထားပြီး၊ မတူညီသော ယဉ်ကျေးမှုနှင့် မတူညီသောသမိုင်းနောက်ခံများရှိသည့် များစွာသော ဘုရားသခင့် အသုံးတော်ခံစာရေးသူများအားဖြင့် ရေးသားထားခြင်းဖြစ်ပြီး၊ ခေတ်ကာလအားဖြင့် နှစ်ပေါင်း ၁၅၀၀ ကျော်ဖြင့် အချိန်ယူရေးသားခဲ့ကြောင်း သိရှိရပေမည်။
၂။ ရှင်မာကုနှင့် ရှင်ယောဟန် ခရစ်ဝင်ကျမ်း။
မာတင်လုသာက “နှုတ်ကပတ်တော်သည် ခရစ်တော်၏ အတ္ထုပ္ပတ္တိဖြစ်သည်” ဟုဆိုခဲ့ပါသည်။ အမှန်တကယ် လည်းခရစ်တော်အကြောင်းကိုသာ အားလုံးက မီးမောင်းထိုးပြလျက်ရှိနေပါသည်။
ထို့ကြောင့် နှုတ်ကပတ်တော်ကို ယခုမှစတင်ပြီး ဖတ်ရှုမည့်သူများအတွက် ရှင်မာကုခရစ်ဝင်ကျမ်းကိုသာ ဦးစွာ ဖတ်ရှုစေလိုသည်ဟု အကြံပြုလိုပါသည်။ အကြောင်းမှာ ရှင်မာကုခရစ်ဝင်ကျမ်းသည် အခန်းငယ်နည်းသည်သာ မက ခရစ်တော်၏ သက်တော်စဉ်ကိုလည်း ခြုံငုံနိုင်မိအောင်ဖေါ်ပြထားသည့် ကျမ်းငယ်လည်းဖြစ်ပါသည်။ ထို့နောက်တွင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ထိုမှ ဘုရားသခင့်လမ်းပြသည့်အတိုင်း ဆက်လက်ဖတ်ရှုစေလိုသည်။
ရှင်မာကုခရစ်ဝင်ကျမ်းက ခရစ်တော်ဘုရား၏ လုပ်ဆောင်မှုများကို ဖေါ်ပြထားပြီး၊ ရှင်ယောဟန်ကတော့ ခရစ် တော်ဘုရားကိုယ်တိုင် သူ၏အဖြစ်တော်နှင့် ဂုဏ်တော်ကိုပြောဆိုမှုများကို အဓိကထားလျက်ဖေါ်ပြထားပါသည်။ ထို့ကြောင့် ရှင်ယောဟန်သည် ရိုးရှင်းစွာသောပြော ခရစ်ဝင်ကျမ်းဖြစ်သည့်နည်းတူ၊ ခရစ်တော်ဘုရား၏ အဖြစ် တော်တည်းဟူသော ဘုရားအဖြစ်တော်နှင့် ဘုရားဂုဏ်တော်ကို နက်နဲစွာပြဆိုထားသော ကျမ်းလည်းဖြစ်ပါသည်။
ထို့ကြောင့် ရှင်မာဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့ကို ဖတ်ရှုခြင်းဖြင့် ခရစ်တော်ဘုရား၏ သက်တော် စဉ်နှင့် သာသနာ့အမှုတော်များကို ခြုံငုံလျက်သိရှိကာ သဒ္ဓါပွားကြည်ညိုနိုင်ပါသည်။
၃။ ထိုမှတဆင့် ထပ်ဆင့်၍ တက်လှမ်းခြင်း။
ထို့နောက် ဆက်လက်ဖတ်ရှုစေလိုသောအရာမှာ ပေးစာများပင်ဖြစ်ပါသည် (ဥပမာ… ဧဖက်၊ ဖိလိပ္ပိ၊ ရှင်ယောဟန် ဩဝါဒ ပဌမစာစောင် အစရှိသဖြင့်)။ ထိုပေးစာများကို ဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့သည် လောကတွင် ဘုရားသခင့် ဘုန်းတော်ထင်ရှားစေရန် မည်သို့အသက်ရှင်ရမည်ကို ကောင်းစွာသိရှိနိုင်ခွင့်ရှိပါသည်။
ထိုနည်းတူ ကမ္ဘာဦးကျမ်းကို သင်စတင်ဖတ်ရှုပါလျင်လည်း ဘုရားသခင်မှ….
(၁) ဩကာသလောက။
(၂) သတ္တလောက။
(၃) အသင်္ခါရလောက။
စသော လောကသုံးပါးတို့ကို မည်သို့ဖန်ဆင်းခဲ့ကြောင်းနှင့် ထိုမှ သင်္ခါရလောက မည်သို့ဝင်ရောက်လာကြောင်းဆို သည့်ဘဝအတွက် အဖြေများကို မြင်တွေ့ရပါလိမ့်မည်။
ထိုနည်းတူ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရားဟောရာစသည်တို့ကို ဖတ်မည်ဆိုပါကလည်း ပညတ်တော်များကို လူတို့မှတောင်းခံခဲ့မှုနှင့် အကျင့်တရားအားဖြင့် လူတို့မည်မျှအခက်တွေ့စေကြောင်းဆိုသည့် လူတို့၏ ပကတိအဖြစ်သဘောနှင့် သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားအဖြစ်တော်များကို သင်မြင်တွေ့ရပါလိမ့် မည်။ ထို့ကြောင့် အားလုံးကို ဖတ်ရှု့လေ့လာသင့်ပြီး၊ သိရှိရမည့်အရာများဖြစ်သော်လည်း ထိုအရာများကို နောင် တွင်လေ့လာရန်အတွက် ဦးစားပေးစာရင်းတွင် စာရေးသူမဖေါ်ပြထားခြင်းဖြစ်ပါသည်။
ထို့အတူ ယောရှုမှတ်စာမှနေပြီး ရာဇဝင်ချုပ်များကို ဖတ်ရှုပါလျင် ဣသရေလတို့၏ သမိုင်းကြောင်းဖြစ်စဉ်များကို သင်သိရှိလာရပါလိမ့်မည်။ ထို့နောက် ဆာလံမှ ရှောလမုန်သီချင်းတို့ကို ဆက်လက်ဖတ်ရှုပါက ဘုရားမေတ္တာတော် များနှင့် ကျေးဇူးတရားများကို ကဗျာ၊ လင်္ကာအဖြစ်သီကုံးထားသည်ကို မြင်တွေ့နိုင်သည်။
ထိုနည်းတူ ဟေရှာယမှနေပြီး မာလခိအထိကို ဖတ်ရှုလျင် လောကီသားအားလုံးကို အပြစ်နွံဝဲဩဃမှ ကယ်ချွတ် တော်မူမည့် ခရစ်တော်ဘုရားအကြောင်းကို ဦးတည်လျက်ဟောပြောထားသော အနာဂတ္တိစကားတော်များကို ဖတ်ရှုရပါလိမ့်မည်။
ထို့ကြောင့် နှုတ်ကပတ်တော်ကို ဖတ်ရှုရာတွင် တစ်ခုတည်းသော နားလည်နိုင်မည့်အရာမှာ ဘုရားသခင့်အထံ တော်မှလာသော ဉာဏ်ပညာကိုတောင်းခံခြင်းသာဖြစ်ပါသည် (ယာ၊ ၁:၅)။
ဘုရားသခင်သာလျင် နှုတ်ကပတ် ကျမ်းစာ၏ မူလအရင်းအမြစ်၊ စာရေးသူဖြစ်သောကြောင့် ထိုဘုရား သခင်ထံတော်မှ လမ်းပြမှု၊ စောင့်မမှုရှိမှသာ လျင် “တရားတော်၏အလင်း” ကိုကျွန်ုပ်တို့ ရရှိပါလိမ့် မည်။
၄။ သမ္မာတရားကို သိစေလိုသောဘုရား။
“လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင်အလိုတော်ရှိ၏” ( ၁ တိ၊ ၂:၄) ဆိုထားတော်မူသောဘုရားသခင်သည် သင့်ဆန္ဒဖြစ်သော နှုတ်ကပတ်တော်ကို သိလို စိတ်အား အမှန်ပင် နားညောင်းလျက် ကူမတော်မူပါလိမ့်မည်။
သင်သည် မည်သို့သော ကျမ်းစာအုပ်မှ စတင်ဖတ်ရှုသည်ဖြစ်စေ (သို့) မည်သို့သောနည်းဖြင့်ပင် လေ့ လာသည် ဖြစ်စေ လမ်းပြလျက် သင့်အားကောင်းကြီးပေးတော်မူပါလိမ့်မည်။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးသည် ထိုနှုတ် ကပတ်တော်ကိုအမှန်လိုအပ်လျက်ရှိသူများဖြစ်ကြသည် မဟုတ်ပါလား။
“ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရား သခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏” (မ၊ ၄:၄)။
“ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရ ဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော် သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ ၏။ ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည် ထက်မက၊ ပျားလပို့ထက် ချိုကြ၏။ တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏” (ဆာလံ၊ ၁၉:၇-၁၁)။
ထို့အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်တရားသည် စစ်မှန်သော သမ္မာတရားဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ဘဝအသက်တာကို ယခုဘဝနောင်ဘဝအတွက် စင်ကြယ်သော အမှုကို ပြုပေးတော်မူပါလိမ့်မည်။
“ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရား ဖြစ်ပါ၏” (ယော၊ ၁၇:၁၇)။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်