ဝတ်ပြုကိုးကွယ်ခြင်းဟူသည် အဘယ်နည်း
၁။ ဖွင့်ဆိုချက်။
ဓမ္မသစ်ကျမ်းရှိ ဂရိဘာသာစကားအရ ဝတ်ပြုကိုးကွယ်ခြင်းနှင့်စပ်ဆိုင်သော စကားလုံး Worship = Proskuneo အား အများအားဖြင့် “To fall down before” ရှေ့တော်၌ပြပ်ဝပ်ခြင်း (သို့) “Bow down before” ရှေ့တော်၌ ဦးညွတ်ခြင်း ဟူ၍ပြန်ဆိုလေ့ရှိကြသည်။
ထို့ကြောင့် ကိုးကွယ်ဝတ်ပြုခြင်းဟူသည် အတွင်းစိတ်ဝိညာဉ်၏ဖြစ်တည်မှုကို အထူးသဖြင့်ဖေါ်ကျူးပါသည်။ ထို့ကြောင့် အတွင်းစိတ်ကိုအခြေပြုခြင်း၊ အပြုအမူတို့ကိုအခြေပြုခြင်းစသော အင်္ဂါနှစ်ရပ်လုံးကိုဆိုလိုခြင်းဖြစ်၍ ထိုသို့သောဝတ်ပြုကိုးကွယ်ခြင်းသည် အသက်တာတည်ရှိနေသမျှကာလပတ်လုံးကိုဆိုလိုသည် (ယော၊ ၄:၂၁)။
ခရစ်ယာန်တစ်ဦး၏ ဝတ်ပြုကိုးကွယ်ခြင်းသည်…..
(၁) နေရာဒေသ။
(၂) ရာထူးဂုဏ်ဒြပ်။
(၃) အကြောင်းရင်းတို့ကို အခြေတည်ထားခြင်းမဟုတ် အချိန်တိုင်းကိုဆိုလိုပါသည်။
၂။ မြန်မာ့ယဉ်ကျေးမှုဖြင့် ချိန်ထိုးပြဆိုခြင်း။
မြန်မာမှုနယ်ပယ်၌ “အဇ္ဇတဂ္ဂေပါဏုပေတံ….” ယနေ့မှစ၍ အသက် ထက်ဆုံး ကိုးကွယ်ပါသည်ဆိုသော စကားမှာ လွန်စွာပင် အဓိပ္ပါယ်ပြည့်ဝသော ကိုးကွယ်မှုပင်ဖြစ်သည်။
ထို့ကြောင့် ခရစ်ယာန်တစ်ဦး၏ ဝတ်ပြုကိုးကွယ်ခြင်း သည် တနင်္ဂနွေတစ်ရက်သာမဟုတ် ရက်သတ္တပတ်ခုနှစ်ရက်လုံးဖြစ်ပြီး၊ ၂၄ နာရီလုံးကိုဆိုလိုပါသည်။
ထို့ကြောင့်လည်း တစ်နေ့တာအချိန်များတွင် တစ်ဦးချင်းဖြစ်စေ၊ အစုလိုက်ဖြစ်စေ အသက်ရှင်သွားလာမှုတို့သည် ကိုးကွယ်၊ ဝတ်ပြုနေခြင်းအသက်တာဖြစ်ကြောင်း သတိပြု၍ အခြေခံကျသော ယုံကြည်သက်ဝင်မှုကို အဖိုးထိုက် တန်စွာဖြင့် ရှင်သန်သွားလာကြရပါမည်။
၃။ ချိန်ခွင်ညီမျှသောဝတ်ပြုကိုးကွယ်မှု။
စစ်မှန်သောယုံကြည်သူတစ်ဦး၏ ဝတ်ပြုကိုးကွယ်ခြင်းသည် “အဇ္ဈတ္တ” နှင့် “ဗဟိဒ္ဓ” နှစ်ရပ်လုံးဖြစ်သောကြောင့် ထိုနှစ်ရပ်လုံး ချိန်ခွင့်ညီသော ဝတ်ပြုကိုးကွယ်မှုပြုသူဖြစ်ရပါမည်။
ထို့ကြောင့်လည်း ခရစ်တော်ဘုရားက “သစ္စာ” နှင့်လည်းကောင်း “နံဝိညာဉ်” ဖြင့်လည်းကောင်း ကိုးကွယ်ရမည်ဟူ၍ မိန့်တော်မူခြင်းဖြစ်သည် (ယော၊ ၄:၂၃-၂၄)။
“စိတ်ဝိညာဉ်” တည်းဟူသော “နံဝိညာဉ်”ဖြင့် ကိုးကွယ်ခြင်းသည် ရုပ်ခန္ဓာအသွင်အပြင်ကိုပြောဆိုနေခြင်းမဟုတ်။ အတွင်းစိတ်သဘောထားများကို ပြောဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် အတွင်းစိတ်ဝိညာဉ်တည်းဟူသော “အဇ္ဈတ္တ” သဘောတွင် အကြောင်းချင်းရာများစွာတို့ပါဝင်လျက်ရှိပါသည်။
(၁) ဘုရားအနွယ်ဝင်ဖြစ်ရမည်။
ထို့ကြောင့် ဦးစွာထိုသို့ “နံဝိညာဉ်” ဖြင့်ကိုးကွယ်သူဖြစ်ရန် ထိုသူသည် ဒုတိယမွေးခြင်းကို ခံယူရရှိထားသူဖြစ်ရန် လိုအပ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းပြသွန်သင်မှုမပါရှိက မည်သည့်နည်းနှင့်မျှဘုရားသခင် အားစစ်မှန်စွာကိုးကွယ်သူ (သို့) တုန့်ပြန်မှုပြုသူဖြစ်ရန်မဖြစ်နိုင်ပါ။
“လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ” (၁ ကော၊ ၂:၁၁)။
ထို့ကြောင့် ဘုရားသခင့်သဘောတော်နှင့် ဘုရားသခင့်လမ်းပြမှုကို သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဥပဇ္ဈာယ်ဆရာမပါရှိလျင် မည်သို့မှ စစ်မှန်သောကိုးကွယ်မှုကိုမပြုနိုင်သလို၊ ထိုသို့ပြုရန်နည်းလမ်းကိုလည်း မသိရှိနိုင်ပါ။ ထိုသို့မသိပါလျင် ဘုန်းတော်သည်လည်းထင်ရှားစေရန် လမ်းစမမြင်နိုင်ပါ။
(၂) ဘုရားကိုဦးထိပ်ပန်ဆင်သောအသက်တာ။
ထို့နောက် နံဝိညာဉ်တည်းဟူသော “အဇ္ဈတ္တ” ဖြင့်ကိုးကွယ်ရန် လိုအပ်နေသောအရာမှာ ဘုရားကိုဗဟိုပြုသောစိတ် ထား (သို့) ဘုရားကိုဦးထိပ်ပန်ဆင်သောအသက်တာဖြစ်ပါသည်။
ထိုသို့ဖြစ်ရန် သမ္မာတရားသည် ဗဟိုပြုရာဖြစ်ရ ပါမည်။
ထို့အတွက်လည်း ရှင်ပေါလုက “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏” (ရောမ၊ ၁၂:၁) ဟူ၍ဆိုခြင်းဖြစ်သည်။
လောကီစိတ်ထားရှိသော စိတ်ဝိညာဉ်တို့သည် ဘုရားသခင့်အားဖြင့် သမ္မာတရားကို ဗဟိုပြုသောအခါမှသာလျင် ကျွန်ုပ်တို့သည် စစ်မှန်သောကိုးကွယ်မှုပြုသူ (သို့) နံဝိညာဉ် (သို့) အဇ္ဈတ္တဖြင့်ကိုးကွယ်သူဖြစ်နိုင်ပါမည်။
“လူတစ်ဦးပူမှုဆယ်ကုဋေ” ဆိုထားသည့်အတိုင်း ထိုအပူသောကများက ဘုရားသခင်ကို စစ်မှန်စွာကိုးကွယ်စေဖို့ အဟန့်အတားအဖြစ်ဝင်ရောက်လာတတ်သည်ကို ယနေ့ယုံကြည်သူအများစုတို့သတိမမူမိကြသောကြောင့် ကိုးကွယ်ဝတ်ပြုရာတွင် ဘုန်းတော်အတွက်ဖြစ်မလာကြခြင်းလည်းဖြစ်သည်။
(၃) ဆေးကြောတတ်သောနှလုံးသားရှိသူ။
တတိယအချက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သောနံဝိညာဉ်ဖြင့်ကိုးကွယ်မှုပြုရန် လိုအပ်သောအချက်မှာ ဖြူစင်သောနှလုံးသားနှင့် နောင်တရယူတတ်သောနှလုံးသားတို့ဖြစ်ပါသည်။
ရှင်ဘုရင်ဒါဝိဒ်မင်းကြီးသည် ဥရိယ ဇနီးဖြစ်သူ ဗာသရှေဘနှင့်မှားယွင်းမှုကြောင့် အပြစ်မကင်းမှုကိုခံစားနေခဲ့ရသည် (၂ ရာ၊ ၁၁) ထို့အတွက်ကိုးကွယ် မှုပြုရာတွင် စစ်မှန်စွာကိုးကွယ်မှုမပြုနိုင်ဖြစ်နေခဲ့သည်။
ထို့အတွက် ဘုရားသခင့်ရှေ့တော်၌ ဒါဝိဒ်မင်းကြီးသည် ” ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံး ညည်းတွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ နေ့ညဉ့်မပြတ် ကိုယ်တော်၏ လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏” (ဆာ၊ ၃၂:၃-၄)ဟူ၍ ဖြစ်တည်နေသောအသက်တာကို ရိုးရှင်းစွာချပြခဲ့သည်။
သို့သော်လည်း သူ၏အပြစ်အတွက် ဘုရားသခင့်အထံတော်သို့ နောင်တဖြင့်ပြန်လှည့်လာသောအခါ၌မူကား ခြား နားသောအသက်တာကို အောက်ပါအတိုင်းခံစားရကြောင်း ဝန်ခံခဲ့ပါသည်။
” ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ် တော်မမူ တတ်ပါ” (ဆာ၊ ၅၁:၁၇)။
ထို့ကြောင့် အပြစ်ကိုဖုံးကွယ်၍ ဒုစရိုက်တွင်နစ်မွန်းပျော်ရွှင်နေသောနှလုံးသားပိုင်ရှင်သည် ဘုရားသခင်အား စစ်မှန်စွာကိုးကွယ်ဝတ်ပြုခြင်းငှါမစွမ်းသာပါ။
၄။ သစ္စာဖြင့်ကိုးကွယ်ခြင်း။
ဒုတိယအပိုင်းဖြစ်သော “သစ္စာ”ဖြင့်ကိုးကွယ်ခြင်းသည် သက်ဝင်ယုံကြည်လျက် ကိုးကွယ်မှုကိုပြုခြင်းဖြစ်သည်။ သစ္စာဖြင့်ကိုးကွယ်ခြင်းဆိုရာ၌ သမ္မာတရားဖြင့် (သို့) ဘုရားအလိုတော်ဖြင့် တုန့်ပြန်မှုကိုပြုသောအသက်တာ ဖြစ်သည်။
ထို့ကြောင့်လည်း ……
(၁) နှုတ်ကပတ်တော်တည်းဟူသော သမ္မာတရား (ယော၊ ၁၇:၁၇)။
(၂) နှုတ်ကပတ်တော်သည် သစ္စာတရား (ဆာ၊ ၁၁၉:၁၄၂)။
(၃) နှုတ်ကပတ်တော်သည် ဟုတ်မှန်ခြင်း (ဆာ၊ ၁၁၉:၁၆၀)။
အစရှိသဖြင့် သမ္မာတရား၏ အရေးပါမှုကိုဖေါ်ကျူးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် စစ်မှန်သောဝတ်ပြုသူ (သို့) ကိုးကွယ်မှုပြုသူသည် ဘုရားသခင့်စကားတော်ကို ယုံကြည်ခြင်း၊ ဝန်ခံခြင်း၊ နာခံခြင်း၊ ခံယူခြင်း၊ ကျင့်သုံးခြင်း တည်းဟူသော နှုတ်ကပတ်တော်နှင့်အသက်တာ တစ်သားတည်းရှိနေရန်အရေးကြီးပါသည်။
ဝတ်ပြုကိုးကွယ်ခြင်းဟူသည် အတွင်းနှလုံးမှရှိသော သက်ဝင်ယုံကြည်မှုကိုထင်ဟပ်လာသောအတွင်း “အဇ္ဈတ္တ” ၏သက်သေကို “ဗဟိဒ္ဓ” တည်းဟူသော အသက်တာတွင် မည်သို့မှမငြင်းဆန်နိုင်သောဆက်နွယ်နေသော ပြယုဂ် ပင်ဖြစ်ပေသည်။
“သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့”(၁ကော၊ ၁၀:၃၁)။
ထိုသမ္မာတရားသည် အသက်တာ၌မရှိပါက သမ္မာတရားကိုသိရှိခြင်း (သို့) ဘုရားကိုသိခြင်းဟူသည် မည်သို့မှပင် လျင်စစ်မှန်ပါသည်ဟူ၍ ဆိုခြင်းငှါမပြနိုင်ပါ။
“သစ္စာဖြင့်လည်းကောင်း” ဆိုထားသောကြောင့် ထိုသစ္စာကို အသက်တာအားဖြင့်သာလျင် ဖေါ်ကျူးနိုင်ပါသည်။ ထို့ကြောင့် အသက်တာ၏ သွားလာနေထိုင်မှု၊ ပြောဆိုကျင့်ကြံမှုတို့သည် ခရစ်ယာန်တစ်ဦး၏ ဝတ်ပြုကိုးကွယ်မှု သည်မဖြစ်မနေအရေးပါလှပါသည်။
မည်သို့ထိုင်ရမည်၊ မည်သို့ပြောဆိုရမည်၊ မည်သို့စားသောက်ရမည်ဟူ၍ မဆိုထား ပြုမူနေထိုင်သမျှအလုံးစုံတို့ သည်ဘုရားသခင့်ဘုန်းတော်ထင်ရှားစေလျင် ၎င်းမှာ “ကိုးကွယ်ဝတ်ပြု” နေခြင်းပင်လျင်ဖြစ်ပါသည်။
ထို့ကြောင့် တစ်ဦးချင်းဖြစ်စေ (သို့) အများဖြင့်ဖြစ်စေ ကျွန်ုပ်တို့နေ့စဉ်ရှင်သန်နေထိုင်မှုသည် ဘုရားသခင်အား “နံဝိညာဉ်”ဖြင့် (အဇ္ဈတ္တ) လည်းကောင်း၊ “သစ္စာ”ဖြင့် (ဗဟိဒ္ဓ) လည်းကောင်းကိုးကွယ်သောသူဖြစ်ရန် အရေးကြီး လှပါသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်